ရော်နယ်ဒိုရဲ့ စိန်ခေါ်မှုအသစ်ကို ဘယ်သူ လိုက်လုပ်ကြည့်နိုင်မလဲ

ရော်နယ်ဒိုရဲ့ စိန်ခေါ်မှုအသစ်ကို ဘယ်သူ လိုက်လုပ်ကြည့်နိုင်မလဲ

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ COVID-19 ကြောင့် နေအိမ်အတွင်းမှာပဲ နေထိုင်ရချိန်မှာ ပရိသတ်တွေအတွက် အပျင်းပြေ စိန်ခေါ်မှုလေးတွေ ပြုလုပ်ပေးနေတာကို တွေ့နေရပါတယ်။

ဘောလုံးသမားတွေအကြား ရေပန်းစားခဲ့တဲ့ တစ်ရှူးလိပ်စိန်ခေါ်မှု ပြီးသွားတဲ့နောက် အခု ကြံ့ခိုင်မှုနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှု တစ်ခုကို ရော်နယ်ဒိုက ပြုလုပ်လိုက်တာပါ။ အသက် (၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးကြီးဟာ သူ့ရဲ့ စပွန်ဆာ ကုမ္ပဏီဖြစ်တဲ့ Nike နဲ့ ပူးပေါင်းပြီး ဒီ စိန်ခေါ်မှုကို ပြုလုပ်ခဲ့တာပါ။

ခြေထောက်ကို မိုးပေါ်ထောင်ပြီး လက်နဲ့ထိဖို့ ကြိုးစားရတဲ့ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းကို အမြန်ဆုံးလုပ်နိုင်သူ ရှိမလားလို့ ရော်နယ်ဒိုက စိန်ခေါ်ခဲ့တာဖြစ်ပြီး သူကတော့ (၄၅)စက္ကန့်အတွင်းမှာ အကြိမ်ပေါင်း (၁၄၂)ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

ဒီစိန်ခေါ်မှုကို ရော်နယ်ဒိုက “Living Room Cup” လို့ နာမည်ပေးထားပြီး ပရိသတ်တွေနဲ့ အသင်းဖော်ဟောင်းတွေကို စိန်ခေါ်လိုက်တာပါ။

ရော်နယ်ဒိုရဲ့ စိန်ခေါ်မှု ဗီဒီယို ကို ကြည့်ရှုတဲ့သူက ပရိသတ် ၁၅ သန်းကျော်ရှိပြီး စက္ကန့်အနည်းငယ်သာ ကြာတဲ့ ဗီဒီယိုလေးအတွက် ရော်နယ်ဒိုကတော့ ပိုက်ဆံတော်တော်များများ ရလိုက်မယ့်ပုံပါ။

ရော်နယ်ဒိုအနေနဲ့  ဒီစိန်ခေါ်မှုလေးက ခက်ခဲမယ်ထင်ပြီး စိန်ခေါ်လိုက်တာဖြစ်ပေမယ့် နာရီပိုင်းအတွင်းမှာပဲ သူ့ကို ကျော်တက်နိုင်ခဲ့တဲ့ ဘောလုံးသမားတစ်ယောက် ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီလူကတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား မာတွီဒီပဲဖြစ်ပြီး သူက (၄၅)စက္ကန့်အတွင်းမှာ (၁၄၄)ခါ ရအောင် လုပ်ပြသွားတာကြောင့် ရော်နယ်ဒိုရဲ့ စိန်ခေါ်မှုကို ကျော်ဖြတ်သွားခဲ့တာပါ။

ဒီစိန်ခေါ်မှုသာ ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးလာခဲ့ရင် နောက်ထပ် ဘယ်သူတွေ လိုက်လုပ်ကြဦးမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ကြရပါဦးမယ်…

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required