ဧပြီလအတွက် ထုတ်လုပ်ရောင်းချမည့် အောင်ဘာလေထီတွင် အက္ခရာအလုံးရေ လျော့ချမည်

ဧပြီလအတွက် ထုတ်လုပ်ရောင်းချမည့် အောင်ဘာလေထီတွင် အက္ခရာအလုံးရေ လျော့ချမည်
ဓာတ်ပုံ - မဇ္ဈိမ

ဧပြီလ ၆ ရက်

ဧပြီလအတွက် အောင်ဘာလေထီဖွင့်မယ့်ရက်ကို နောက်ဆုတ်လိုက်ပြီးထုတ်လုပ်ရောင်းချမည့် အက္ခရာအလုံးရေကိုလည်းလျော့ချမည်ဖြစ်ကာ ထီဖွင့်ပွဲမှာပါဝင်ဆောင်ရွက်မယ့် ကလေးအရေအတွက်ကိုလည်းလျော့ချဆောင် ရွက်မည်ဖြစ်ကြောင်းပြည်တွင်းအခွန်များဦးစီးဌာနမှသိရသည်။

ပြီးခဲ့သည့် (၁၄)ကြိမ်မြောက်ထီဖွင့်ပွဲတွင် COVID-19 စတင်ဖြစ်ပွားနေချိန်မှာပဲ အောင်ဘာလေထီဖွင့်ပွဲကို  ကလေးများအားMask နှာခေါင်းစည်းများတပ်ကာဆောင်ရွက်စေခဲ့သည်။   

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ လစဉ် ၁၅ရက်မှာဖွင့်ဖို့ ပြင်ဆင်နေတယ်။ ခွင့်ပြုချက်အားလုံးရပြီဆိုရင် ဆောင်ရွက်သွားမှာပါ။ လတ်တလောအစီအစဉ်မှာတော့ ၁၅ရက်ကို ဖွင့်ဖို့ ပြင်ဆင် နေတယ်။” ဟု မဇ္ဈိမသို့ ပြောသည်။

အောင်ဘာလေထီဖွင့်ရာတွင်လည်း ဂေါ်လီလုံးဖြင့် နှိုက်သည့်စနစ်ကိုသာ ကျင့်သုံးသွားမှာဖြစ်ပြီး ထီဖွင့်ပွဲ တွင်ပါဝင်ဆောင်ရွက်မည့် ကလေးများ၏ လူဦးရေလျော့ချခြင်း၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ဝတ်ဆင် ခြင်း၊ တစ်ဦးနှင့်တစ်ဦး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ညွှန်ကြားထားသည့် အကွာအဝေး တိုင်းထားရှိခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထီကိုယ်စားလှယ်များနှင့် ထီရောင်းချသူတွေ အဆင်ပြေစေရန် အောင်ဘာလေထီဖွင့်ရက်ကို နောက်ဆုတ်ရန် စီစဉ်နေကြောင်းသိရသည်။

COVID-19 ရောဂါကြောင့် လက်ရှိတွင် ထီကိုယ်စားလှယ်များနှင့် ထီရောင်းချသူများအနေဖြင့် မတ်လက ရောင်းချခဲ့သောထီများတွင် ထီထိုးသူနည်းပါးခဲ့သည့်အတွက်အရှုံးပေါ်ခဲ့ကြသည်။

ထီကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးစန်းယုက “ ရွေ့တဲ့ရက်အပေါ်မူတည်ပြီးကုန်သည်ကတော့ စဉ်းစားမှာပေါ့။ တရားဝင်ကြေညာလိုက်ပြီဆိုရင် အခြေအနေကြည့်ပြီးတော့ ဘာဆက်လုပ်ရမလဲဆိုတာကို ကြည့်ရမှာ။

အရောင်းအဝယ်ဘယ်လောက်ရှိတယ်ဆိုတာကြည့်ပြီးတော့ အဲဒီအပေါ်မှာ ပြန်ပြီးအလုပ်လုပ်ရမှာ” ဟု လတ်တလော ထီဈေးကွက်အခြေအနေနှင့် ပတ်သက်ပြီး မဇ္ဈိမသို့ ပြောသည်။

မတ်လအတွင်းက ရောင်းချခဲ့သည့် အောင်ဘာလေထီတွင် အက္ခရာ ၃၈လုံးထုတ်လုပ်ရောင်းချခဲ့သော်လည်း ဧပြီလအတွင်းတွင် အဆိုပါအက္ခရာ အလုံးရေထက် လျော့ကျရောင်းချသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန် များ ဦးစီးဌာနက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly