ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တဲ့ ရန်းစ်အသင်းဆရာဝန်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တဲ့ ရန်းစ်အသင်းဆရာဝန်

ပြင်သစ်လီဂူးဝမ်းကလပ် ရန်းစ်အသင်းရဲ့ ဆရာဝန် ဘားနက် ဂွန်ဇာလက်ဇ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကိုယ့်ကိုကိုယ်သတ်သေခဲ့တဲ့နောက်မှာတော့ ကလပ်အသင်းအတွက် ထိတ်လန့်တုန်လှုပ်စရာဖြစ်ခဲ့ရပါတယ်။

ပြင်သစ်သတင်းဌာန Le Parisien ရဲ့ ဖော်ပြချက်အရ အသက် ၆၀ အရွယ် ဆရာဝန်ဟာ တနင်္ဂနွေနေ့နေ့လည်ပိုင်းက သူ့ရဲ့ အိမ်မှာ ကိုယ့်ကိုကိုယ် သတ်သေခဲ့တာဖြစ်ပြီး ဒီလိုအဆုံးသတ်ခဲ့တာဟာ Covid-19 ရောဂါနဲ့ ဆက်နွယ်နေတယ်လို့ သိရပါတယ်။

ဂွန်ဇာလက်ဇ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေခဲ့ပြီး အခုလိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။ သူ့ရဲ့ ဇနီးသည်ဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံရပြီး သူမနဲ့အတူ သီးခြားနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

သူဟာ ကိုယ့်ကိုကိုယ် သတ်သေရတဲ့ အကြောင်းရင်းကို ရှင်းပြထားတဲ့ သေတမ်းစာကို ရေးသားခဲ့ပါတယ်။

ဂွန်ဇာလက်ဇ်ရဲ့ သေဆုံးခြင်းဟာ ပြင်သစ်မြောက်ပိုင်းက ရန်းစ်မြို့အတွက် ဝမ်းနည်းစရာသတင်းတစ်ခုဖြစ်ခဲ့ရတယ်လို့ မြို့တော်ဝန် ရိုဘင်းနေးက ပြောပါတယ်။

"သူက ကလပ်အသင်းဆရာဝန်ဖြစ်ခဲ့သူပါ။ ပရော်ဖက်ရှင်နယ်ဆန်တဲ့ သူတစ်ဦးဖြစ်ပြီး အားလုံးရဲ့  အသိအမှတ်ပြုခြင်းနဲ့ တန်ဖို့းထားခံရသူလည်းဖြစ်ပါတယ်။"လို့ ရိုဘင်းနေးက ပြောပါတယ်။

ဂွန်ဇာလက်ဇ်ဟာ ရန်းစ်အသင်းအတွက် အလုပ်လုပ်ကိုင်ခဲ့တာ ၂၃ နှစ်ကျော်ရှိခဲ့ပြီး ပရိသတ်တွေနဲ့ ဝန်းထမ်းတွေအတွက်တော့ ကလပ်ရဲ့ ဂန္တဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ အဆိုးရွားဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သေဆုံးသူပေါင်း ၈,၀၇၈ ဦးနဲ့ အတည်ပြုကူးစက်ခံရသူ ၉၂,၈၃၉ ဦးရှိကာ ရောဂါကနေ သက်သာလာသူ ၁၆,၁၈၃ ဦးရှိတယ်လို့ သိရပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required