ပါကစ္စတန်၌ ဘာသာရေးဝတ်ပြုဆုတောင်းပွဲတက်ခဲ့သူ ၂၀ ၀၀၀ အား သီးသန့်ခွဲခြားထား

ပါကစ္စတန်၌ ဘာသာရေးဝတ်ပြုဆုတောင်းပွဲတက်ခဲ့သူ ၂၀ ၀၀၀ အား သီးသန့်ခွဲခြားထား

လာဟိုး၊ ပါကစ္စတန်၊ ဧပြီ ၆

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကပ် ကျရောက်နေချိန်၌ ပြီးခဲ့သည့်လက ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၌ ကျင်းပသည့် အစ္စလာမ်ဘာသာဝင်များစုဝေးပွဲသို့တက်ရောက်ခဲ့သော ထောင်နှင့်ချီရှိ ဝတ်ပြုသူများကို လိုက်လံရှာဖွေလျက်ရှိပြီး  ပါဝင်ဝတ်ပြုခဲ့သူ ၂၀,၀၀၀  ကိုလည်း သီးသန့်ခွဲခြား၍ စောင့်ကြည့်ထားသည်။

အာဏာပိုင်များသည် မတ်လ ၁၀ ရက်မှ ၁၂ အတွင်းကျင်းပခဲ့သော အစ္စလာမ်သာသနာပြုလှုပ်ရှားမှုတစ်ခုဖြစ်သည့် Tablighi Jamaat အခမ်းအနားသို့ တက်ရောက်ခဲ့သူများမှတစ်ဆင့် ပါကစ္စတန်နှင့် ပြည်ပနိုင်ငံများသို့ COVID-19 ကူးစက်ပြန့်ပွားမှာစိုးရိမ်နေပြီး ၎င်းတို့ကို ရောဂါစမ်းသပ်စစ်ဆေးမှုပြုလုပ်ချင်ကြောင်း ပြောခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့်  အဆိုပါအခမ်းအနားအားဖျက်သိမ်းပေးရန် အစိုးရက မေတ္တောရပ်ခံခဲ့သော်လည်း စုဝေးပွဲတက်ရောက်သူ ၁၀၀ ၀၀၀ ကျော်ရှိသည်ဟု ပွဲစီစဉ်သူများက ပြောသည်။

အဆိုပါပွဲသို့တက်ရောက်ခဲ့သူ Khybejr Pakhtunkhwa ပြည်နယ်မှ  ၅ ၃၀၀ ဦး၊ တောင်ပိုင်း Sindh ပြည်နယ်မှ ၈ ၀၀၀ ဦးနှင့် ပန်ဂျက်ပြည်နယ်မြို့တော် လာဟိုးမှ အယောက် ၇ ၀၀၀ တို့ကို သီးသန့်ထားစောင့်ကြည့်နေပြီး အချို့မှာ COVID-19 ကူးစက်ခံထားရသည် ဟု ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

စုဝေးပွဲတက်ရောက်ခဲ့သူ ၁၅၄ ဦးမှာ ရောဂါကူးစက်ခံထားရပြီး ၂ ဦးသေဆုံးကြောင်း အာဏာပိုင်များက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပါကစ္စတန်တွင် အနည်းဆုံး လူ ၄၅ ဦးသေဆုံးထားပြီး စမ်းသပ်စစ်ဆေးမှုကောင်းကောင်းမလုပ်နိုင်ခြင်းကြောင့် စောင့်ကြည့်လေ့လာသူများက သေဆုံးနှုန်းမြင့်မားမည်ကို စိုးရိမ်လျက်ရှိသည်။

အဆိုပါ ဝတ်ပြုဆုတောင်းပွဲသို့ တရုတ်၊ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယားနှင့် အာဖဂန်နစ္စတန် စသည့်နိုင်ငံများမှ လာရောက်ခဲ့ကြကြောင်း ပွဲစီစဉ်သူများက ဆိုသည်။

ယခုအခါ ပါကစ္စတန်တွင် နိုင်ငံခြားသား ၁၅၀၀ ခန့်ကို သီးသန့်ခွဲ့ခြားစောင့်ကြည့်ထားသော်လည်း အချို့မှာ ရောဂါစမ်းသပ်မှု မခံယူဘဲ နေရပ်ပြန်သွားကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required