တမာရွက်က COVID-19ကို ကာကွယ်နိုင်မှု သိပ္ပံနည်းကျ လက်ခံအတည်ပြုထားခြင်းမဟုတ်ဟု ဒေါက်တာသာထွန်းကျော်ဆို

တမာရွက်က COVID-19ကို ကာကွယ်နိုင်မှု သိပ္ပံနည်းကျ လက်ခံအတည်ပြုထားခြင်းမဟုတ်ဟု ဒေါက်တာသာထွန်းကျော်ဆို

ရန်ကုန်၊ ဧပြီ ၅ရက်

တမာရွက်ဟာ COVID-19ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာသိပ္ပံနည်းကျလက်ခံအတည်ပြုထားခြင်းမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ‌သာထွန်းကျော်က မဇ္ဈိမကိုပြောပါတယ်။

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တမာရွက်စားရင် COVID-19ရောဂါ ပျောက်တယ်ဆိုတဲ့ အသံဖိုင်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။

အဲ့ဒီအသံဖိုင်ကြောင့် လူအချို့ဟာ တမာရွက်တွေကို ခူးပြီး ပြုတ်သောက်တာမျိုး၊ တို့စားတာမျိုးတွေ ပြုလုပ်လာကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာ သာထွန်းကျော်က အခုလိုပြောပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဟာ ဗိုင်းရပ်စ်အသစ်ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ သိပ္ပံပညာရပ်နဲ့ဆိုင်ရာ အချက်အလက်တွေ အားလုံး တော်တော်များများကို တစ်ကမ္ဘာလုံးက ပညာရှင်တွေက လေ့လာဆဲပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တမာရွက်သောက်လို့ ပျောက်တယ်ဆိုတာကလည်း သိပ္ပံနည်းကျ ကျွန်တော်တို့ လက်ခံပြီးတော့ အတည်ပြုထားတာ မဟုတ်ဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်"

တမာရွက်ဟာ တကယ်ပျောက်ကင်းနိုင်တယ်ဆိုပြီး ပြည်သူအချို့ရဲ့ ယုံကြည်မှုကြောင့် ဈေးတွေမှာ တမာရွက်တစ်စည်း ၅၀၀ဆိုပြီး ရောင်းချနေတာတွေလည်း ရှိပါတယ်။

COVID-19ကို ကာကွယ်နိုင်မယ့်ဆေးဝါးဟာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မတွေ့ရှိသေးဘူးလို့ သိရပါတယ်။

ဒေါက်တာသာထွန်းကျော်က "အခုထက်ထိတော့ ကျွန်တော်တို့က တိတိကျကျ သိပ္ပံနည်းကျကျ လေ့လာထားချက်တွေ မရှိသေးပါဘူး။ သိပ္ပံ ပညာရှင်တွေက ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့ အခုထက်ထိလေ့လာဆဲပဲဖြစ်ပါတယ်။''

ပြည်သူတွေအနေနဲ့ သတင်းအမှား၊ သတင်းအတုတွေကို မယုံကြဖို့နဲ့ ရောဂါပိုးကူးစက်မခံရအောင်ဖြစ်နိုင်ရင် အိမ်မှာပဲနေပြီး လက်ကို မကြာခဏ အမြဲဆေးကြောပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် ထုတ်ပြန်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required