COVID-19 ကူးစက်ခံထားရသည့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဆေးရုံတက်

COVID-19 ကူးစက်ခံထားရသည့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဆေးရုံတက်

ဧပြီ ၆

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည်  ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံထားရသည်ကို စစ်ဆေးသိရှိခဲ့ပြီးနောက် ဆယ်ရက်အကြာ ယမန်နေ့ ဧပြီ ၅ ရက်က ဆေးစစ်မှုများ ပြုလုပ်ရန် ဆေးရုံတက်ရောက်ခဲ့ကြောင်း ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်တော်က ထုတ်ပြန်သည်။

၎င်းတွင် ကိုယ်အပူချိန်မြင့်တက်မှု အပါအဝင် ဗိုင်းရပ်စ် လက္ခဏာရပ်များ ဆက်လက်ရှိနေသည်ဟု သိရပြီး ယမန်နေ့ ညနေပိုင်းက လန်ဒန်မြို့ ဆေးရုံတစ်ရုံသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

၀န်ကြီးချုပ် ဂျွန်ဆင်သည် ၎င်း၏ ဆရာဝန်ဖြစ်သူ၏ အကြံပေးချက်အရ ကြိုတင်ကာကွယ်မှုပြုလုပ်သည့်အနေဖြင့် ဆေးရုံတက်ရောက်ပြီး ဆေးစစ်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော်ငြား လက်ရှိအချိန်တွင် ဗြိတိန်အစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်နေလျက် ရှိသည်။ သို့သော် ဧပြီလ ၆ ရက် မနက်ပိုင်းတွင် ပြုလုပ်မည့် ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ အစည်း အဝေးတစ်ခုကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်ကျင်းပဖွယ် ရှိနေသည်။

မစ္စတာ ဂျွန်ဆင်သည် ဆေးရုံတွင် တစ်ညတာ ရှိနေဖွယ် ရှိပြီး လုပ်ရိုးလုပ်စဉ် ဆေးစစ်မှုများကို ခံယူခြင်း ဖြစ်ကြောင်း BBC ၏ နိုင်ငံရေးဆိုင်ရာ အယ်ဒီတာ Laura Kuenssberg က ပြောသည်။

“သူ့ရဲ့ ဆရာဝန်က အကြံပေးတာကြောင့် ဝန်ကြီးချုပ်ဟာ ဆေးစစ်မှုတွေ လုပ်ဖို့ ဆေးရုံကို ခုညမှာ တက်ခဲ့တာဖြစ်ပါတယ်” ဟု ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်တော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသွားသည်။

“ ခုဟာက ကြိုတင်ကာကွယ်မှု ပြုလုပ်တဲ့ သဘောပါပဲ၊ ဝန်ကြီးချုပ်ဟာ ဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သိပြီးနောက် ဆယ်ရက်အကြာအထိ ဗိုင်းရပ်စ် လက္ခဏာရပ်တွေ ဆက်ရှိနေလို့ပါ၊  ဘာပဲဖြစ်ဖြစ် အလုပ်တွေ ပြင်းပြင်းထန် ထန် ကြိုးစားလုပ်နေတဲ့ အမျိုးသားကျန်းမာရေးဌာနက ဝန်ထမ်းတွေကိုလည်း ဝန်ကြီးချုပ်က ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်၊ နောက်ပြီး နေအိမ်မှာပဲ နေကြရမယ်ဆိုတဲ့ အစိုးရရဲ့ အကြံပေးချက်ကို ပြည်သူတွေ ဆက် လက်လိုက်နာကြဖို့၊ အမျိုးသားကျန်းမာရေးဌာနက အမှုထမ်းတွေကို အကာအကွယ်ပေးဖို့၊ လူ့အသက်တွေကယ်ဖို့ကိုလည်း ဝန်ကြီးချုပ်က တိုက်တွန်းသွားပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required