အကျဉ်းချုံးလိုက်ရတဲ့ လွိုင်ကော်က ဂန်းခွမ်းတံခွန်တိုင်ပွဲ

အကျဉ်းချုံးလိုက်ရတဲ့ လွိုင်ကော်က ဂန်းခွမ်းတံခွန်တိုင်ပွဲ
၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါ ခလိုက်လင်း ကျေးရွာ ၆၁ ကြိမ်မြောက် ကယားပြည်နယ်လုံး ဆိုင်ရာ စုပေါင်း ကေ့ထျိုး ဘိုး (ခ) တံခွန်တိုင်ပွဲတော်ကီု စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ်။

၅ ရက်နေ့ ဧပြီလ ၂၀၂၀

ဒီနေ့မနက်ပိုင်းက လွိုင်ကော်မြို့ထဲ နမ့်ကွတ်ရပ်ကွက်မှာ တံခွန်တိုင်ပွဲလုပ်တော့ လူလေးငါးဆယ်တောင်မရှိရှာပါဘူး။ အရင်ကဆို လေးငါးရာဆိုတာ အသာလေးပေါ့။ ကိုရိုနာကိစ္စရှိနေတော့ ရိုးရအရ ကေ့ထျိုးဘိုး (ခေါ်) ဂန်းခွမ့် တံခွန်တိုင်ပွဲလည်း အကျဉ်းချုံးလုပ်ရတာပေါ့။ 
 
ဦးဆောင်ကျင်းပသူ ဦးမီရယ်မြင့်မောင်ဟာ တိုက်နယ်အဆင့် တံခွန်တိုင် ကျင်းပရေး ကော်မတီ (နာယက) ဖြစ်သလို ယခုနှစ်ဆန်းပိုင်း ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သွေးချင်းတို့ရဲ့ တံခွန်တိုင် ပွဲတော်မှာ ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ တံခွန်တိုင်ပွဲကို လွိုင်ကော်မြို့ အနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း ကိုး ရွာမှာ ရှိတဲ့ ဒေသခံ ကယားတိုင်းရင်းသားတွေ ရာနဲ့ချီတက်ရောက်လာနိုင်တယ်လို့ မျှော်လင့်ထား ပေ မယ့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အကျဉ်းချုံးသာ ကျင်းပ တာဖြစ်တဲ့အကြောင်း ရှင်း ပြပါတယ်။

“အကျဉ်းချုံးပြီးတော့မှ ကျနော်တို့ ကျန်းမာရေး ဦးစီးဌာနရဲ့ လမ်းညွန်ချက်နဲ့အညီ ရောဂါကို တဖက်က တားဆီးနိုင်အောင်၊ တဖက်ကလည်း ရိုးရာ အစဉ်အလာ မပျက် လုပ်နိုင်အောင်ပေါ့။ လူအနည်းဆုံး လေးငါးရာ ရှိမယ့် နေရာမှာ အခု လေးငါးဆယ် တောင်မရှိဘူး”လို့ ဦးမီရယ်မြင့်မောင်က ပြောတယ်။

လွိုင်ကော်မြို့ နမ့်ကွတ်ရပ်ကွက်မှာ အကျဉ်းချုံး ကျင်းပပြုလုပ်သည့် တံခွန် တိုင်အဟောင်းတွေကို တွေ့ရစဉ်။

ပွဲအတွက် နှစ်စဉ် ရိုးရာ တံခွန်တိုင် ခုတ်တာ၊ ကယားတိုင်းရင်းသား ရိုးရာအက၊ ဈေး ရောင်းပွဲ၊ အားကစားအပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပေမယ့် ဒီနှစ်မှာ တော့ တံခွန်တိုင် အဟောင်းကိုသာ အသစ်ဖြစ်အောင် ထုံဖြူသုတ်ပြီး ပူဆော်ကြ ရပါ တယ်။

ကေ့ထျိုးဘိုး ( ခေါ် ) ဂန်းခွမ့် တံခွန်တိုင် ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ “ကေ့” ပိုင်နက် နယ်မြေ၊ “ထျိုး” ဖြစ်မြောက်အောင်မြင်ခြင်း၊ “ဘိုး” အတိုင်းအတံ့၊ ဝင်ရိုး၊ တိုင်းနိုင်ငံ(သို့) ပိုင်နက်နယ်မြေ ဖြစ်မြောက်ခြင်း တိုင်တော် --- ကယန်း ဘာသာဖြင့် “ဂန်း” ပိုင်နက် နယ်မြေ၊ တိုင်းနိုင်ငံ၊ “ခွမ့်” ဗွေတော်၊ တိုင်းနိုင်ငံ( သို့ ) ပိုင်နက်နယ်မြေ၏ “ဗွေတော်” ဟု အဓိပ္ပါယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ မဖြစ်မနေ ရိုးရာအစဉ် အလာမပျက် လုပ်ကို လုပ်ရမယ်လို့တော့ ဦးလေးတို့ က ဆုံးဖြတ်ထားတယ်”လို့ ဦးမီရယ်မြင်မောင်က ပြောပါတယ်။

တံခွန်တိုင်ပွဲတော်ကို မိုးလေဝသ မှန်ကန်စေဖို့၊ ဆန်ရေစပါးနဲ့ ကောက်ပဲသီးနှံ ဖြစ်ထွန်း အောင်မြင်စေဖို့၊ သဘောဝဘေးအန္တရာယ်နဲ့ ရောဂါဘယ ကင်းဝေးစေဖို့၊ တိုင်းပြည် အေး ချမ်း သာယာပြီး ကမ္ဘာသူ/သားများ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ကြောင်း သိရပါတယ်။

တံခွန်တိုင်ပွဲဟာ ကယားလူမျိုးတို့ရဲ့ ရှေးပဝေသဏီက လက်ဆင့် ကမ်းကျင်းပလာခဲ့တဲ့ ရိုးရာ ဓလေ့ပွဲတော်ဖြစ်ပြီး မတ်လနဲ့ ဧပြီလအတွင်း ကျင်းပလေ့ရှိပါတယ်။

ရိုးရာ ကေ့ထျိုးဘိုး ( ခေါ် ) ဂန်းခွမ့် တံခွန်တိုင်ပွဲကို ဦးဆောင်ကျင်းပသူ ဦးမီရယ်မြင့်မောင် ဖြစ်ပါတယ်။

ဒီပွဲကို နောက် လ အတွင်းမှာ ကျင်းပပြုရန် ရက်ရွေ့ဆိုင်းထားဖို့ အစိုးရနဲ့ မြို့နယ် အုပ် ချုပ်ရေးမှူးတို့က ပြောဆိုလာတာရှိတဲ့ အကြောင်း ဦးမီရယ်မြင့်မောင် ရှင်းပြတာက

“ကျနော်တို့က ခွင့်ပြုချက် တောင်းရင် အစိုးရက ခွင့်ပြုမိန့် ချပေးမလား အဲဒီမေးခွန်းကို ကျနော် ပြန်မေးတော့ သူတို့က ပေးနိုင်မှာ မဟုတ်ဘူး WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က ထုတ်ပြန်ကြေညာတယ်။ တဆင့် နိုင်ငံတော် သမ္မတလည်း မထုတ်ပြန်လို့ မဖြစ်တော့ဘူး အဲဒါနဲ့ ဆင့်ကဲဆင့်ကဲ့ နောက်ရပ်ကျေးအထိတော့ တားမှာပဲလေ၊ တားပေမယ်လည်း အဲဒီ ထုတ်ပြန်ကြေညာချက်ထဲမှာ အကျဉ်းချုံးလုပ်ဖို့ နောက် ကျန်းမာရေးနဲ့ ညီညွတ်အောင် လုပ်ဖို့ အစီအဉ် ရှိပြီးသာ ကျနော်တို့အနေနဲ့ မဖြစ်မနေ မလုပ်လို့ မဖြစ်တဲ့ကိစ္စဆိုတော့ ကျနော်တို့ လုပ်ဖြစ်တာပါ”လို့ ပြောပါတယ်။

အလားတူ ယခုနှစ် မတ်လ ၂၈ ရက်နေ့ကလည်း ၆၂ ကြိမ်မြောက် ကယားပြည်နယ် လုံး ဆိုင်ရာ စုပေါင်း တံခွန်တိုင်ပွဲတော်ကို ဒီးမော့ဆိုမြို့နယ် အကျဉ်းချုံးသာ ကျင်းပပြုလုပ် သွားခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့က သင်္ကြန်မဏ္ဍပ် ဆောင်လုပ်တာ၊ လူစုလူဝေးနဲ့ ကျင်းပရတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို  ဧပြီလ ၃၀ ရက်အထိ နိုင်ငံ တဝှန်းလုံးမှာ ကျင်းပခြင်း မပြုလုပ်ဖို့ နိုင်ငံတော် သမ္မတရုံးက ပြည်သူသို့ ပန်ကြားထားပါတယ်။

ဦးမီရယ်မြင့်မောင်က “ ကျနော်တို့ကတော့ ရိုးရာ အစဉ်အလာမပြတ် လုပ်ရမယ့် ကိစ္စ ဆိုတော့ ကျနော်တို့ မဖြစ်မနေ လုပ်ရတာတခုပဲ ရှိပါတယ်။ အစိုးရလည်းပဲ ဥပေက္ခာ ပြုပေးနိုင်မယ်လို့တော့ ကျနော် ယုံကြည်တယ်” လို့ ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly