စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅ ရက်ကြာ တည်းခိုမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်မည်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅ ရက်ကြာ တည်းခိုမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်မည်
Photo: EPA

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်နှင့် ရေယာဉ်လိုင်းများ ရပ်ဆိုင်းရန်အပါအဝင် အသွားအလာဆိုင်ရာ ကန့်သတ်မှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ၏ တနင်္ဂနွေနေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကန့်သတ်ချက်များတွင် အဆိုပါကာလအတွင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းများ၊ ရေယာဉ်လိုင်းများပြေးဆွဲခြင်းကို ရပ်ဆိုင်းထားရန်၊ ဟိုတယ်၊ မိုတယ်၊ INN နှင့် တည်းခိုခန်းများ ပိတ်ထားကြရန်နှင့် ကစားကွင်း၊ ပန်းခြံနှင့် အများပြည်သူ အပန်းဖြေသွားလာသော နေရာများကို ပိတ်ထားရန် ညွှန်ကြားထားသည်။

ထို့အပြင် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ ကျန်းမာရေးကိစ္စနှင့် နာရေးကိစ္စများမှအပ ကျန်အခြားကိစ္စရပ်များအတွက် မဖြစ်မနေ ခရီးသွားလိုပါက မြို့နယ်ကျန်းမာရေးအာဏာပိုင်များထံမှ ထောက်ခံစာရယူရန် လိုသည်ဟု ပါရှိသည်။

ခရီးသွားလာခွင့်ပါမစ်ကို မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီထံမှ တောင်းခံရမှာဖြစ်သည်။

ဆက်လက်ခွင့်ပြုပေးထားချက်များတွင်

(က) စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ ထုတ်လုပ်ခြင်း ရောင်းချခြင်းလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်ထုတ်လုပ်ရောင်းချခွင့်
(ခ) စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချခွင့်
(ဂ) ပုဂ္ဂလိက ဆေးရုံ/ေးခန်းများ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ၊ ဘဏ်များ အား ပုံမှန်အတိုင်း ဖွင့်လှစ်ခွင့်တို့ ပါရှိသည်။

မိမိနေအိမ်တွင်နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦးထိတွေ့မှုမရှိစေရေး လုပ်ဆောင်မှုစီမံချက်တွင် တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင်/မြို့နယ်အဆင့် ကော်မတီများကို ဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required