လာမည့် နှစ်ပတ်အတွင်း COVID-19 ပျံပွားနှုန်းမြန်လာဖွယ်ရှိဟု ဒေါ်အောင်ဆန်းစုကြည်၏ Facebook အကောင့်တွင် ရေးသားထား

လာမည့် နှစ်ပတ်အတွင်း COVID-19 ပျံပွားနှုန်းမြန်လာဖွယ်ရှိဟု ဒေါ်အောင်ဆန်းစုကြည်၏ Facebook အကောင့်တွင် ရေးသားထား
ရန်ကုန်၊ ဧပြီ - ၅
 
ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါသည် လာမည့် ရက်သတ္တပတ်၂ ပတ်၊၃ ပတ်အတွင်းရောဂါပျံ့ပွားနှုန်း ဘယ်လောက်မြန်နိုင်မည်ဆိုတာ ပေါ်လွင်လာလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၏ လူမှုကွန်ရက်စာမျက်နှာ (facebook) အကောင့်တွင် ရေးသားထားသည်။
 
လက်ရှိအချိန်တွင် ပြည်သူများအားလုံး အထူးသတိဝိရိယနှင့် ရောဂါမပျံ့ပွားရေးအတွက် စည်းကမ်းညွှန်ကြားချက်များကို လိုက်နာရန်သည် အရေးကြီးကြောင်းနှင့်လက်ရှိအချိန်သည် မတွေ့ရ၊ မကြုံရဘူးသည့် သင်္ကြန်မျိုးကို ဖြတ်ကျော်ရမှာဖြစ်ပြီး  လူစု၊လူဝေးအား လုံးဝရှောင်ရမည့် သင်္ကြန်ဖြစ်ကြောင်းနှင့် ''ရေထွက်မကစားရတဲ့ သင်္ကြန်။ ခြိမ့်ခြိမ့်သဲသဲ အလှူတွေနဲ့ ရပ်ကွက်မပျော်ရတဲ့ သင်္ကြန်ဆိုပြီး စိတ်မပျက်ကြပါနဲ့” ဟုလည်း နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်ေဒါ်အောင်ဆန်းစုကြည်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြရေးသားထားသည်။
 
လက်ရှိကာလသည် အရေးကြီးသည့်ကာလဖြစ်ပြီး တစ်ဦးမှတစ်ဦးသို့ ကူးစက်သည့်အထောက်အထားများရရှိထားသည့်အတွက် ထိန်းချုပ်ရန် အရေးကြီးခြင်းကြောင့် နိုင်ငံတော်အတိုင်ပင်ခံက ပြောဆိုခြင်း ဖြစ်ကြောင်း ဆိုသည်။
 
 “ ဒီကာလမှာ အားလုံးပြည်သူလူထု အပါအဝင်အားလုံးစုပေါင်းပြီး ထိန်းချုပ်ရေးကာလမှာ တခြားနိုင်ငံမှာလို ဆိုးဆိုးဝါးဝါးမဖြစ်အောင် ဖြစ်ပွားမှု အနည်းဆုံးနဲ့ သေဆုံးမှု အနည်းဆုံးဖြစ်အောင် ယူဆတဲ့ အတွက် နိုင်ငံ တော် အတိုင်ပင်ခံက ဒီကာလကို ပထမပိုင်း နှစ်ပတ် ဧပြီ လကုန်အထိ ပြောဆိုရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာသာထွန်းကျော်က ပြောသည်။
 
ထို့ပြင် COVID-19ရောဂါကို ကာကွယ်နိုင်ရန်ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု ဒေါက်တာသာထွန်းကျော်က ဆိုသည်။
 
 “တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနတွေက လူမှုရေးအဖွဲ့အစည်းတွေနဲ့ အားလုံးပူပေါင်းပြီး ဒီရောဂါကို အမျိုးသားရေးအသွင်နဲ့ တိုက်ဖျက်နေတယ် ဆိုတာလေး ပြောချင်ပါတယ် ” ဟု  ဒေါက်တာ သာထွန်းကျော်က ပြောသည်။
 
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(COVID- 19)ရောဂါ သံသယနှင့် စောင့်ကြည့်လူနာ ၇၄၈ ဦး၊ရောဂါကူးစက်ခံရသူ ၂၁ ဦး ရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်း သိရသည်။
 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly