COVID-19 လူနာအမှတ် (၂၁)၏ မိသားစုဝင်များနှင့် လေယာဉ်အတူစီးနင်းလာသူများကို စောင့်ကြည့်မည်

COVID-19 လူနာအမှတ် (၂၁)၏ မိသားစုဝင်များနှင့် လေယာဉ်အတူစီးနင်းလာသူများကို စောင့်ကြည့်မည်

ဧပြီ ၅၊ ရန်ကုန်

 ကျန်းမာရေးဝန်ကြီးဌာနက  ဧပြီ (၄)ရက်နေ့တွင်ထုတ်ပြန်ထားသော တောင်ဥက္ကလာမြို့နယ်မှ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အမျိုးသမီး၏ မိသားစုဝင်နှစ်ဦးနှင့် လေယာဉ်စီးနင်းလိုက်ပါလာသူများကို Quarantine စင်တာတစ်ခုတွင် ၁၄ရက်ကြာ စောင့် ကြည့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ပိုးတွေ့လူနာအမျိုးသမီး၏ မိသားစုဝင်များဖြစ်သည့် အမေနှင့်မောင် တော်စပ်သူတို့ကို စောင့်ကြည့်နေပြီး လက်ရှိတွင်ကျန်းမာရေးအခြေအနေကောင်းမွန်လျှက်ရှိသည်ဟု ဆိုသည်။

ပိုးတွေ့လူနာနှင့် လေယာဉ်တစ်စီးတည်း စီးနင်းလိုက်ပါလာသည့် ဘန်ကောက်နှင့် ရန်ကုန်လေကြောင်းလိုင်းအား စီးနင်းခဲ့သူများကိုလည်း ဆက်သွယ်ပြီး အနီးစပ်ဆုံးစောင့်ကြည့်စင်တာများတွင် စောင့်ကြည့်သွားမည်ဟု ဒေါက်တာ သာထွန်းကျော်က ပြောသည်။

“လေယာဉ်တစ်စီးလုံးဆိုတာတော့ မဟုတ်ဘူးပေါ့နော် ။WHO သတ်မှတ်ချက်အရ သူစီးခဲ့တဲ့ ထိုင်ခုံရဲ့ ရှေ့သုံးတန်း၊ နောက်သုံးတန်းက ပိုအရေးကြီးတဲ့ Contactတွေကို ဖော်ထုတ်မှာပါ”ဟု ၎င်းကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ စောင့်ကြည့်လူနာများကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးလေ့ မရှိသော်လည်း အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့ဖူးသည့် စောင့်ကြည်လူနာများကိုမူ ဓာတ်ခွဲနမူနာရယူကာ ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိကို အမျိုး သားကျန်းမာရေးဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဟု သိရသည်။  

ကျန်းမာရေးဝန်ကြီးဌာနက ၎င်းနှင့် ထိတွေ့ဆက်ခံခဲ့ဖူးသူများကို စောင့်ကြည့်ရန်အတွက် ခြေရာခံနေသည့် အဆင့်ရောက်ရှိနေပြီး ခြေရာခံရရှိထားသည့် စောင့်ကြည်လူနာဦးရေနှင့် မည်သည့် စောင့်ကြည့်စင်တာတွင် ထားရှိမည်ဆိုသည်ကို လုပ်ငန်းလုပ် ဆောင်နေစဉ်ကာလ ဖြစ်သည့်အတွက် ပြောဆို၍မရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဆိုသည်။

“သူ့ရဲ့ အမေနဲ့ မောင်လေးတင်မကဘူး။ သူနဲ့ ထိတွေခဲ့တဲ့သူအကုန်လုံးကို အခု trace စလုပ်နေပါပြီ။Quarantine Siteတွေမှာ စောင့်ကြည့်ပြီး ရောဂါလက္ခဏာပေါ်၊ မပေါ် စောင်ကြည့်ဖို့ စစီစဉ်နေပါပြီ”ဟု ၎င်းကဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အသက်(၂၄)နှစ်အရွယ် အမျိုးသမီးမှာ မိခင်၊ မောင် တော်စပ်သူတို့နှင့် မတ်လ ၂၄ရက်နေ့မှစတင်ကာ သုံးရက်အတွင်း အမေရိကန်နိုင်ငံမှတဆင့် တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံသို့သွားလာခဲ့ပြီး ၂၆ရက်နေ့တွင် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီးနောက် ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေစဉ် ဟိုတယ်Quarantine (၁၄)ရက် ဝင်ခဲ့သည်။

ထိုသို့ Quarantine ဝင်နေစဉ်အတွင်း ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊ မောပန်းခြင်း ဝေဒနာများ ခံစားခဲ့ရသဖြင့် ရန်ကုန် အရှေ့ပိုင်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိပြီးေနာက် ထိုအမျိုးသမီးကို မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီကူးစက်ရောဂါကုဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသလျှက်ရှိသည်။

မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၇၄၈ဦး၊ သံသယလူနာ ၂ဦးရှိနေပြီး ထိုလူနာများမှ ပိုးတွေလူနာ ၂၁ဦး ရှိနေပြီဟု ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီလ ၄ရက်နေ့ ည ၈နာရီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly