ရွှေတြိဂံဒေသတွင် ဘိန်းဖြူထုတ်လုပ်မှု မြင့်တက်နေ

ရွှေတြိဂံဒေသတွင် ဘိန်းဖြူထုတ်လုပ်မှု မြင့်တက်နေ

ဧပြီ ၄

ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သည့်ဧရိယာဖြစ်သည့် ရွှေတြိဂံဒေသတွင် ထုတ်လုပ်သည့် ဘိန်းဖြူပမာဏသည် မြင့်တက်နေပြီး ယင်းတို့သည် ထိုင်းနိုင်ငံတွင် ပျံ့နှံ့လျက် ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

မြန်မာ-လာအို-ထိုင်းနယ်စပ် တလျှောက်ရှိ ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်မှု ဧရိယာများအနက် တစ်ခုဖြစ်သည့် ရွှေတြိဂံဒေသမှ ဘိန်းဖြူ ဖမ်းဆီးရမိမှုသည် နှစ်စဉ်နှစ်တိုင်း မြင့်တက်ထားခဲ့ကြောင်း ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် Niyom Termsrisuk က ဧပြီ ၃ ရက်တွင် ပြောသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်သူများသည် တရုတ်၊ လာအို၊ ဗီယက်နှင့် ထိုင်းတို့ကို အခြေစိုက်နေရာများအဖြစ် အသုံးပြုပြီး အခြားသော နိုင်ငံများသို့ သယ်ယူပို့ဆောင်ခြင်း ဖြစ်ကြောင်း၊ သို့သော် တခါတရံတွင် မူးယစ်ဆေးများကို လမ်းကြောင်းတစ်လျှောက် တွင် ရောင်းချကြောင်း Mr Niyom က ပြောသည်။

ဘိန်းထုတ်လုပ်မှုသည် ယမန်နှစ်က ကျဆင်းထားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းဧရိယာကနေ ဘိန်းဖြူ တန်ချိန် ၅၀ ကို အခြားသော နိုင်ငံများနှင့် ဝေးလံသော ဧရိယာများသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“ ဒါတွေထဲက တချို့ကို ထိုင်းလိုမျိုး ဖြတ်သန်းရာလမ်းကြောင်း နိုင်ငံတွေမှာ ရောင်းချနေတယ်ဆိုပေမယ့်လည်း ဘိန်းဖြူကတော့ ယာဘ၊ ခရစ္စတယ်မက်သ်နဲ့ ဆေးခြောက်တို့လောက်တော့ ပျံ့နှံ့ခြင်း မရှိပါဘူး၊ ဒါပေမယ့်လည်း ဘိန်းဖြူဟာ မူးယစ်ဆေးပဲ ဖြစ်တာကြောင့် ဒါက အကြိမ်ရေအနည်းငယ်သုံးတယ်ဆိုရင်တောင်မှ သုံးစွဲသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်၊ ဒါကြောင့် ဒါ ပူပန်စရာကိစ္စတစ်ခုဖြစ်နေဆဲပါ ” ဟု ၎င်းက ပြောသည်။

ထို့ပြင် မူးယစ်ဆေး သုံးစွဲသူ သို့မဟုတ် လက်ဝယ်ပိုင်ဆိုင်ထားသူ အရေအတွက်သည်လည်း နှစ်စဉ်နှစ်တိုင်း တိုးတက်သွားခြင်း မရှိပေမယ့် ယမန်နှစ်က ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူ ပမာဏ ၁ ဒသမ ၂ တန် သည် အစောပိုင်းနှစ်က ဖမ်းဆီးရမိခဲ့သည့် ကီလိုဂရမ် ၉၄၀ နှင့်ယှဉ်ပါက မြင့်တက်ခဲ့ကြောင်း ၎င်းက ပြောသည်။

သို့သော် မူးယစ်ဆေးဖြတ်သူအရေအတွက်သည် နှစ်စဉ် ကျဆင်းနေလျက် ရှိကြောင်း အချက်အလက်များအရ သိရသည်။ ၂၀၁၇ နှင့် ၂၀၁၉ ကြားကာလတွင် မူးယစ်ဆေး သုံးစွဲသူ အသစ်အရေအတွက်သည် စုစုပေါင်း သုံးစွဲသူများအနက် ၅၈ ရာခိုင်နှုန်း၊ ၃၆ ရာခိုင်နှုန်းနှင့် ၃၄ ရာခိုင်နှုန်းတို့စီဖြင့် ရပ်တည်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly