အတည်ပြုလူနာ နံပါတ် ၁၅နှင့် ၁၆ ၏ကျန်းမာရေးအခြေအနေ ပြင်းထန်

အတည်ပြုလူနာ နံပါတ် ၁၅နှင့် ၁၆ ၏ကျန်းမာရေးအခြေအနေ ပြင်းထန်

ရန်ကုန်၊ ဧပြီ ၅ရက်

COVID-19 အတည်ပြုလူနာများထဲမှ လူနာနံပါတ် ၁၅ နှင့် ၁၆၏ ကျန်းမာရေးအခြေအနေမှာ ပြင်းထန်နေသဖြင့် ဝေဘာဂီအထူးကုဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က မဇ္ဈိမသို့ ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က "ဒီနှစ်ယောက်က ရောဂါပြင်းထန်တဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ ရောဂါအခံရှိတဲ့ လူနာတွေပါ။ ဆီးချိုရောဂါအခံရှိတဲ့ လူနာ၂ယောက်ဖြစ်ပါတယ်။ ဆေးရုံတက်ကတည်းကိုက သူတို့က ရောဂါပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အနေအထားရှိပါတယ်"ဟု ဆိုသည်။

မူလရောဂါအခံကြောင့် ခံစားနေရချိန်တွင် COVID-19 ကူးစက်ခံလိုက်ရသည့်အတွက် ကျန်းမာရေးအခြေအနေပိုပြင်းထန်သွားခြင်းဖြစ်ကြောင်း ဒေါက်တာ သာထွန်းကျော်က ဆိုသည်။

ကျန်းမာရေးပြင်းထန်နေသည့် လူနာနှစ်ဦးမှာ SOSဆေးခန်းမှ အသက် ၄၅နှစ်အရွယ်ကျန်းမာရေးဝန်ထမ်းသူနာပြု ဆရာမ(လူနာနံပါတ် ၁၅)နှင့် ဒူဘိုင်းမှပြန်လာသည့်သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့သည့် အသက် ၆၃နှစ်အရွယ်အမျိုးသမီး(လူနာနံပါတ် ၁၆)တို့ ဖြစ်သည်။

လူနာ အမှတ် ၁၆ သည် မောပန်းနွမ်းနယ်ခြင်းကို နှစ်ပတ်ခန့်ခံစားနေရကာ မတ်လ ၃၁ ရက်နေ့မှာတော့ ပိုမိုမောပန်းလာကာကိုယ်အပူချိန်မြင့်တက်လာသဖြင့် မြောက်ဥက္ကလာဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့သည်။ ထိုဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်သီးသန့်ထားကာ ဆေးကုသပေးခဲ့ပြီးဓာတ်ခွဲအတည်ပြုချက်အရ ဗိုင်းရပ်စ်အတည်ပြုလူနာဖြစ်လာချိန်တွင် ဝေဘာဂီဆေးရုံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ထိုလူနာတွင် မူလကတည်းက ဆီးချိုရောဂါအခံရှိသောကြောင့် အထူးကြပ်မတ်ခန်းမှာ ကုသပေးနေခြင်းဖြစ်သည်။

လူနာအမှတ် ၁၅ သည် မတ်လ ၂၇ ရက်နေ့တွင်စတင်ဖျားနာကာ မတ်လ ၃၀ ရက်နေ့မှာ ဓာတ်ခွဲစစ်ဆေးခဲ့ကာ မတ်လ ၃၁ ရက်နေ့မှာ ဗိုင်းရပ်စ်ပိုးရှိသူ အတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ရန်ကုန်အနောက်ပိုင်းဆေးရုံမှာဆေးဝါးကုသနေစဉ် အတည်ပြုလူနာဖြစ်သွားသောကြာင့် ဝေဘာဂီဆေးရုံသို့ပြောင်းရွှေ့ကာ ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသည့် ဗဟန်းမြို့နယ်နေ အသက် ၆၀နှစ် ရှိပြီဖြစ်သည့် ဧည့်လမ်းညွှန်အမျိုးသမီး (လူနာ နံပါတ် ၈)၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်နေပြီဖြစ်ကြောင်း သိရသည်။

ဝေဘာဂီဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသည့် အတည်ပြုလူနာ ၁၃ဦးရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် COVID-19အတည်ပြုလူနာ ၂၁ဦးရှိသည့်အနက် နှာခေါင်းကင်ဆာရောဂါအခံရှိသော အတည်ပြုလူန တစ်ဦးသေဆုံးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required