အမေရိကန်၌ နွေဦးအားလပ်ရက် အပျော်ခရီးထွက်ခဲ့သော လူငယ်များ COVID-19 ကူးစက်ခံရ

အမေရိကန်၌ နွေဦးအားလပ်ရက် အပျော်ခရီးထွက်ခဲ့သော လူငယ်များ COVID-19 ကူးစက်ခံရ

ဧပြီ ၅

လွန်ခဲ့သောနှစ်ပတ်ခန့်က တက္ကဆက်ပြည်နယ် အော်စတင်မြို့မှ မက္ကဆီသို့ စင်းလုံးငှားလေယာဉ်ဖြင့် နွေဦးအားလပ်ရက် အပျော်ခရီးထွက်ခဲ့သော အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၄၄ ဦးသည် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်။

ထိုလူငယ်များသည် အိမ်ဖြူတော်က သတ်မှတ်ထားသည့် မလိုအပ်ဘဲ ခရီးမသွားရန်နှင့် လူ ၁၀ ဦးအထက်မစုဝေးရ ဆိုသည့် စည်းကမ်းချက်များကို မလိုက်နာဘဲ အပျော်ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။

ခရီးထွက်ခဲ့ကြသည့် လူ ၇၀ ဦးအနက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၄ ဦးရှိပြီး အားလုံးမှာ အော်စတင်မြို့ရှိ University of Texas မှ ဖြစ်သည်ဟု တက္ကသိုလ်ပြောရေးဆိုခွင့်ရှိသူက CNN သို့ ပြောကြားခဲ့သည်။

တချို့မှာ မက္ကဆီရှိ Cabo San Lucas မြို့သို့ ဆက်သွားခဲ့ကြပြီး အခြား လေယာဉ်ခရီးစဉ်များဖြင့် အိမ်ပြန်ခဲ့ကြသည်ဟု အော်စတင်ပြည်သူ့ကျန်းမာရေးဌာနကပြောသည်။

အဆိုပါစင်းလုံးငှားလေယာဉ်ပေါ်လိုက်ပါသွားသည့် တခြားခရီးသည်များကိုလည်း  ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများက စောင့်ကြည့်လျက်ရှိသည်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသော ကျောင်းသားများကိုလည်း သီးသန့်ခွဲခြားထားကာ ကုသပေးလျက်ရှိသည်။

အော်စတင်မြို့တွင် မတ်လ ၂၄ ရက်ကစ၍ အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားသည်ဟု မြို့တော်ဝန် Steve Adler က ပြောသည်။  

မက္ကဆီကိုသည် ယခု ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုက်ကပ်နေချိန်၌ ခရီးသွားလာမှုနှင့်ပတ်သက်၍ တားမြစ်ခြင်းနှင့်အကြံပြုပြောဆိုထားခြင်းမျိုး မရှိပေ။

မက္ကဆီနိုင်ငံသို့ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုကြရန် အမေရိကန်က မတ်လ ၁၉ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required