အိန္ဒိယ၌ lockdown ချစဉ်မွေးဖွားခဲ့သည် အမြွှာလေးနှစ်ဦးအား ကိုရိုနာနှင့် ကိုဗစ် ဟုအမည်ပေး

အိန္ဒိယ၌ lockdown ချစဉ်မွေးဖွားခဲ့သည် အမြွှာလေးနှစ်ဦးအား ကိုရိုနာနှင့် ကိုဗစ် ဟုအမည်ပေး

ဧပြီ ၅

အိန္ဒိယနိုင်ငံ Chhattisgarh ပြည်နယ်က ဇနီးမောင်နှံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နိုင်ငံလုံး lockdown ကျခံနေရချိန်မှာ အမြွှာလေးနှစ်ဦးမွေးဖွားခဲ့ပြီး အဆိုပါကလေးနှစ်ဦးကို Corona နှင့် Covid ဟု အမည်မှည့်ပေး လိုက်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှာ lockdown ချပြီး နှစ်ရက်အကြာ မတ်လ ၂၇ ရက်နေ့က ပြည်နယ်မြို့တော် ရိုင်ပါရှိ အစိုးရဆေးရုံ၌ အမြွှာယောက်ျားလေးနှင့်မိန်းကလေးအား မွေးဖွားခဲ့ခြင်းဖြစ်သည်။

“အခက်အခဲများစွာတွေ့ကြုံပြီးမှ ဒီကလေးလေးတွေကို မွေးခဲ့ရတာပါ၊ ဒါကြောင့် ကျွန်မတို့နှစ်ယောက်က အမှတ်တရလေးဖြစ်သွားအောင် ဒီလိုနာမည်လေးပေးလိုက်တာပါ” ဟု အသက် ၂၇ နှစ်အရွယ် မိခင် Preeti Verma က အိန္ဒိယသတင်းဌာန Press Trust သို့ ပြောခဲ့သည်။

နိုင်ငံကို lockdown ချထားသည့်အတွက် မိသားစုဝင်များသည် သူမရှိရာ Raipur သို့ မလာနိုင်သဖြင့် မွေးဖွားချိန်၌ အားကိုးရာမဲ့ဖြစ်ခဲ့သည်ဟု Verma က သူမ၏အခက်အခဲကိုပြောပြသည်။ ထိုသို့ကြုံတွေ့ခဲ့ရသည် အခက်အ ခဲများကို အမှတ်ရနေစေရန် ကလေးနှစ်ဦးကို ကိုရိုနာ နှင့် ကိုဗစ် ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"ယာဉ်အသွားအလာတွေလည်းမရှိတော့ ကျွန်မတို့တွေ ဆေးရုံကို ညကြီးမိုးချုပ်မှ ရောက်သွားခဲ့ကြတယ်၊ ပင်ပင်ပန်းပန်းသွားလာပြီး မွေးဖွားခဲ့ရလို့  နာမည်လေးတွေကို အမှတ်တရအနေနဲ့ ထူးထူးခြားခြား ဖြစ်စေချင်တယ်၊ ဒီနာမည်ပေးဖို့ ဆေးရုံဝန်ထမ်းတွေက အကြံပေးခဲ့တာပါ" ဟု Verma ကပြောသည်။

“နောက်ပြီး နာမည်လေးတွေကလှတယ်၊ ကိုရိုနာဆိုတာ Crown (သရဖူ) ဆိုတဲ့ လက်တင်စကားလုံးက ဆင်းသက်လာတာ၊ နာမည်ကြားလိုက်တာနဲ့  သူနဲ့ပတ်သက်တဲ့ အကြောင်းကို ပြန်မှတ်မိပြီး မကြောက်တော့ဘဲ သန့်ရှင်း ရေးကို အာရုံစိုက်စေချင်လို့ပါ” ဟု ခင်ပွန်းဖြစ်သူ Venay Verma က ပြောသည်။

ယခုကဲ့သို့ နာမည်ပေးမှုအပေါ် မိသားစုဝင်များက သိပ်သဘောမကျသည့်အတွက် ကလေးနာမည်များကို နောက်မှ ပြန်ပြောင်းမည်ဟု အဆိုပါဇနီးမောင်နှံက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required