COVID-19 ကပ်ဘေးကာလကို တရုတ်ပြည် ဘယ်လိုကျော်ဖြတ်ခဲ့သလဲ

COVID-19 ကပ်ဘေးကာလကို တရုတ်ပြည် ဘယ်လိုကျော်ဖြတ်ခဲ့သလဲ

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဒီကနေ့ ကမ္ဘာပေါ်မှာ ကပ်ဘေးတစ်ခုအဖြစ် အန္တရာယ်ပေးနေတဲ့ COVID-19 ရောဂါဆိုးဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရောဂါရဲ့ အစောပိုင်းကာလတွေတုန်းကတော့ အဆိုပါ ရောဂါဆိုးကို ဝူဟန် ကိုရိုနာရောဂါအဖြစ် ခေါ်ဆိုခဲ့ကြတာပါ။

ပြင်းထန်အဆုတ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ ဒီရောဂါဟာ တရုတ်နိုင်ငံကနေတဆင့် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်ဝမ်၊ ဟောင်ကောင်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားစတဲ့နိုင်ငံတွေဆီ ပြန့်နှံ့သွားခဲ့ပြီး ခုချိန်မှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်ဆီကို ကူးစက်ပြန့်နှံ့နေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အဆိုပါရောဂါဆိုး ကူးစက်ခံထားရသူ ၂ ဦးတွေ့ရှိထားပြီး တစ်ဦးက ချင်းပြည်နယ် တီးတိန်မှာဖြစ်ကာ နောက်တစ်ဦးကတော့ ရန်ကုန်မှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးမှာ ရောဂါကူးစက်ခံခဲ့ရသူ ၃ သိန်း ၇ သောင်းကျော်ရှိနေပြီးတော့ သေဆုံးသူအရေအတွက်က ၁၆၅၂၄ ဦးရှိနေပြီဖြစ်ပါတယ်။ ပြန်လည်သက်သာလာသူအရေအတွက်ကလည်း ၁ သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။

ခုလို တကမ္ဘာလုံးမှာ ရောဂါကူးစက်ပြန့်နှံ့မှုနှုန်းမြင့်မားနေချိန်မှာ တရုတ်နိုင်ငံကတော့ အခြေအနေတည်ငြိမ်နေပြီဖြစ်ပါတယ်။ တရုတ်တစ်နိုင်ငံလုံးမှာ ရောဂါကူးစက်ခံရသူ ၈ သောင်းကျော်အထိ ရှိခဲ့ပေမယ့် ပြန်လည်သက်သာလာသူအရေအတွက် ၇ သောင်း ၃ ထောင်ကျော်ရှိခဲ့ပြီး လက်ရှိမှာလည်း လူနာ ၄ ထောင်ကျော်သာကျန်ရှိပါတော့တယ်။

တရုတ် ဘယ်လို ထိန်းချုပ်သလဲ

တရုတ်နိုင်ငံဟာ ဒီရောဂါဒါဏ်ကို အဦးဆုံးခံခဲ့ရတဲ့ တိုင်းပြည်ဖြစ်သလို အဆိုးရွားဆုံးခံခဲ့ရတဲ့ တိုင်းပြည်လည်းဖြစ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ ထိခိုက်နစ်နာမှုတွေ အမျိုးမျိုးအဖုံဖုံရှိခဲ့ပါတယ်။ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေအပြင် လူ့စွမ်းအားအရင်းအမြစ်တွေလည်း အများအပြားထိခိုက် ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမယ့် ခုချိန်မှာ အီတလီ၊ အီရန်၊ စပိန်၊ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ အခြေအနေတွေနဲ့ တရုတ်နိုင်ငံရဲ့ အခြေအနေ၊ နောက်ပြီး လူဦးရေပမာဏတွေကိုပါ ယှဉ်ထိုးနှိုင်းယှဉ်မယ်ဆိုရင် တရုတ်နိုင်ငံဟာ ကောင်းကောင်းထိန်းချုပ်မှုပြုလုပ်နိုင်ခဲ့တယ်ဆိုတာကို နားလည်လာရပါတယ်။

ဒါကြောင်လည်း ကိုယ်တွေတိုင်းပြည်မှာ ရောဂါကူးစက်ခံထားရသူတွေ့ရှိလာချိန်မှာ တရုတ်နိုင်ငံ ဒီကပ်ဘေးကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတဲ့ အတွေ့အကြုံကိုလေ့လာနိုင်ဖို့ ပြောပြပေးလိုပါတယ်။ တရုတ်အစိုးရဟာ အခြေအနေတွေ စတင်ဆိုးရွားလာချိန်တွေကတည်းက အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး အခြေအနေတွေကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းခဲ့တာပါ။

  • ၁။ နိုင်ငံရေး သြဇာကို အပြည့်အဝ အသုံးချခြင်း – တစ်တိုင်းပြည်လုံးကို တပ်လှန့်ခဲ့ပြီ။ လိုအပ်တဲ့ ထုတ်ပြန်ချက်တွေကို အချိန်မီ ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရရဲ့ နိုင်ငံရေးသြဇာကို အပြည့်အဝ အသုံးချပြီး တိုင်းပြည်တွင်းက လူထုကို ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ခဲ့ပါတယ်။
  • ၂။ မီဒီယာနဲ့ အင်တာနက် အသုံးပြုမူကို ထိန်းချုပ်ခြင်း – သတင်းမှားတွေနဲ့ ကောလဟာလတွေကို ထိန်းချုပ်ဖို့ တရုတ်အစိုးရက အပြင်းအထန် ကြိုးပမ်းပါတယ်။ လူတွေရဲ့ အကြောက်တရားဟာ တကယ့်ရောဂါထက် ပိုကုစားရခက်တယ်ဆိုတာကို တရုတ်အစိုးရ အာဏာပိုင်တွေက ကြိုသိခဲ့ကြပါတယ်။ ဒါကြောင့် အခြေအနေတွေ ဆိုးလာချိန်မှာ အင်တာနက်မှာ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ ထိန်းချုပ်မှုတွေဟာ ပြင်းထန်လွန်းခဲ့တာကြောင့် အနောက်နိုင်ငံတစ်ချို့က ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့် တကယ်တမ်း COVID-19 အနောက်မ္ဘာကို ရောက်ရှိချိန်မှာတော့ သတင်းတုတွေရဲ့ ဒဏ်ကို သူတို့ကိုယ်တိုင် အကြီးအကျယ် ခံစားခဲ့ကြရပါတယ်။
  • ၃။ လူများစုအရေးကို ဦးစားပေးခြင်း – တရုတ်ဟာ လူနည်းစုထက် လူများစု ဘေးကင်းရေးကို အာရုံစိုက်ခဲ့တယ်လို့ နာမည်ကျော် စာရေးဆရာ ခရစ္စတိုဖာ ဟတ်ချင်စ်က ဆိုခဲ့ပါတယ်။ သူကတော့ ဒီလိုပြုမူခဲ့တာကြောင့် လူအများစု ဘေးကင်းခဲ့တာလို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာ့အနောက်ဘက်ခြမ်းကတိုင်းပြည်တွေဟာ လူတစ်ဦးချင်း အခွင့်အရေးခေါင်းစဉ်အောက်မှာ အတ္တတွေကို ရှေ့တန်းတင်ပြီး အစုအဖွဲ့လိုက် အကျိုးရှိစေမယ့် အပြုအမူတွေကို လျစ်လျူရှုနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
  • ၄။ တုန့်ပြန်မှု လျှင်မြန်ခြင်း – တရုတ်ပြည် ဝူဟန်မှာ အရေးပေါ်ဆေးရုံကို တစ်ပတ်နဲ့ အပြီးဆောက်တဲ့ သတင်းဟာ ကမ္ဘာ့မီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေဟာ အရေးပေါ်အခြေအနေတွေမှာ လျှင်မြန်တဲ့ တုန့်ပြန်မှုတွေ ကောင်းကောင်းပြုလုပ်နိုင်ခဲ့ကြပါတယ်။
  • ၅။ ပြတ်ပြတ်သားသား ကိုင်တွယ်ခြင်း – ရောဂါစတင်အခြေအနေဆိုးလာချိန်မှာ ထိမ်းသိမ်းရခက်ခဲလာနိုင်ဖွယ်ရှိတဲ့ မြို့ကြီးတွေကို quarantine zone တွေအဖြစ် ပြတ်ပြတ်သားသား သတ်မှတ်ခဲ့ပါတယ်။ quarantine zone အဖြစ် သတ်မှတ်ခံရတဲ့မြို့တွေ အတော်များခဲ့တာမို့ ဒေသခံတွေအတွက် စားဝတ်နေရေး အခက်ကြုံခဲ့ရပေမယ့် ဒီနည်းလမ်းကြောင့်လဲ နိုင်ငံအတွင်း ရောဂါပြန့်နှံ့မှုကို ထိထိရောက်ရောက်ထိမ်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
  • ၆။ ကာကွယ်တားဆီးရေး နည်းလမ်းတွေကို ထိထိရောက်ရောက် အသုံးချခြင်း – လက်ဆေးတာ၊ မျက်နှာဖုံးသုံးစွဲတာနဲ့ Social Distiancing လို့ နည်းလမ်းတွေကို ထိထိရောက်ရောက်အသုံးချနိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ ဒါဟာ ရောဂါထိန်းချုပ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ခဲ့ပါတယ်။
  • ၇။ ခေတ်မှီနည်းပညာများကို ထိထိရောက်ရောက် အသုံးချခြင်း – တရုတ်အစိုးရဟာ နေအိမ်တွေထဲကနေ အပြင်ကို ထွက်ခွာခွင့်မရတဲ့ ဒေသခံလူထုကို ဖျော်ဖြေပေးနိုင်ဖို့နဲ့ စောင့်ကြည့်ဖို့ နောက်ဆုံးပေါ် ဒစ်ဂျစ်တယ် နည်းပညာတွေကို လက်ကုန်ထုတ်သုံးခဲ့ပါတယ်။ “နည်းပညာဟာ သီးသန့်ခွဲခြားထားမှုတွေကို ဖယ်ရှားပစ်နိုင်တယ်” လို့တောင် ဆိုကြရတဲ့အထိပါပဲ။ Quarantine ကာလတွေမှာ လူတွေကို QR Code စနစ်နဲ့ စောင့်ကြည့်ထိထိန်းချုပ်ခဲ့တာမို့ အမှားအယွင်း အကျအပေါက် နည်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ နိုင်ငံတော်တော်များများမှာ Delivery စနစ်နဲ့ ပစ္စည်းပို့တာက ရောဂါပြန့်နှံ့နိုင်ဖို့ Risk များတယ်လို့ သတ်မှတ်ထားပေမယ့် တရုတ်မှာတော့ quarantine ကလာတွေအတွင်း Delivery စနစ်တွေကို အကောင်းဆုံး အသုံးချသွားခဲ့ကြတာပါပဲ။
  • ၈။ ဘဏ္ဍာရေးစနစ်ကို ကိုင်တွယ်ခြင်း – ဗိုင်းရပ်စ် ဒဏ်စမခံရခင်ကတည်းက တရုတ်စီးပွားရေးက တုန့်နှေးနေခဲ့တာပါ။ ဗိုင်းရပ်စ်ပြဿနာပေါ်လာချိန်မှာ ကျဆင်းတဲ့ဘက်ကိုပါ ရောက်သွားပါတယ်။ ဒါပေမယ့် တရုတ်အစိုးရဟာ စီးပွားရေးနယ်ပယ်ကို ထိန်းချုပ်ဖို့နဲ့ SMEs တွေကို ကယ်ဆယ်ဖို့ အခွန်ငွေတွေ ယွမ် ထရီလီယံနဲ့ချီ လျှော့ချပေးခဲ့သလို ဘဏ္ဍာရေးနယ်ပယ်ကို ကယ်ဆယ်ဖို့ ငွေကြေးဈေးကွက်ထဲကို ရင်းနှီးမြှုပ်နှံမှုနဲ့ ပံ့ပိုးမှုတွေ အလုံးအရင်းနဲ့ ဖြည့်ဆည်းပေးခဲ့ပါတယ်။

တရုတ်မှာ ရောဂါထိန်းချုပ်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းစဉ်ကာလမှာ Quarantine ပြုလုပ်ခြင်းနဲ့ Information မျှဝေခြင်းတွေအတွက် protocol တွေ တိတိကျကျသတ်မှတ်ပြီး အဆိုပါ protocol တွေအတိုင်း အတိအကျလုပ်နိုင်ခဲ့တာကြောင့် အောင်မြင်မှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လူထုအတွက်လိုအပ်တဲ့ ပံ့ပိုးမှုတွေကိုလည်း ထိထိရောက်ရောက်ပံ့ပိုးပေးခဲ့တာမို့ အာဟာရချို့တဲ့မှုလိုပြဿနာတွေကိုလည်း ရှောင်လွှဲနိုင်ခဲ့ပြီး ရောဂါကာကွယ်ရေးမှာ အထောက်အကူဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

တရုတ်ရဲ့ နည်းလမ်းဟာ အောင်မြင်တယ်လို့ ဆိုလို့ရခဲ့သလို ရောဂါကူးစက်ပြန့်ပွားမှုနဲ့ သေဆုံးမှုနှုန်းကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိစ္စတိုင်းမှာ သက်ရောက်မှုရှိတတ်တာမို့ တရုတ်ရဲ့ နည်းလမ်းမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိခဲ့ပါတယ်။

ရောဂါကို ကောင်းကောင်းထိမ်းချုပ်နိုင်ချိန်မှာ တရုတ်ဘက်က မြို့အသီးသီးက quarantine zone တွေကို ဖယ်ရှားခဲ့ပါတယ်။ ဒီအချိန်မှာ ဒေသခံတွေရဲ့ အခြေအနေကို ဆန်းစစ်ကြည့်တဲ့အခါ အောက်ပါ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို တွေ့ရှိရပါတယ်။

  • စိတ်ဆိုးဒေါသထွက်နေကြတာ၊
  • စိတ်ဖိစီးတဲ့ ဝေဒနာခံစားနေကြတာ၊
  • သောကပွားနေတာ၊
  • စိုးရိမ်ထိတ်လန့်နေတာ၊
  • စိတ်တိုလွယ်တာ၊
  • စိတ်ဒဏ်ရာရလုနီးပါး အခြေအနေမျိုး ဖြစ်နေကြတာ
  • စိတ်ရှုပ်ထွေးနေတာ စတာတွေဖြစ်ပါတယ်။

quarantine zone ထဲမှာ ရက် ၅၀ ကျော် ဖြတ်သန်းခဲ့ရတဲ့ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီးတော့ ပုံမှန်လူမှုပတ်ဝန်းကျင်နဲ့ အသားကျဖို့ အခက်ကြုံခဲ့ကြရပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အနေနဲ့လည်း တချို့သော လူတွေဟာ အလုပ်အကိုင်တွေ ရပ်ဆိုင်းထားရတာကြောင့် ငွေကြေးအကျပ်အတည်းကြုံရတာတွေ၊ လုပ်ငန်းတွေအနေနဲ့လည်း ဆုံးရှုံးမှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ခုချိန်မှာတော့ စီးပွားရေးလုပ်ငန်း အများစု ပြန်လည် လည်ပတ်လာနိုင်နေပြီဖြစ်သလို ရောဂါအခြေအနေကိုလည်း ထိန်းချုပ်လာနိုင်နေပြီဖြစ်တာမို့ ဒီအခြေအနေတွေကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ရောဂါဝေဒနာရှင်တချို့ စတင်တွေ့ရှိနေပြီဖြစ်တာမို့ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကိုယ်ပိုင်နည်းလမ်းတွေ၊ မူဝါဒတွေ၊ အစီအမံတွေ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ တိုင်းပြည်တွေဆီက အတူယူသင့်တာတွေကိုလည်း ရယူမှီငြမ်းရမှာဖြစ်သလို ကိုယ့်တိုင်းပြည်အနေအထားနဲ့လည်း ချိန်ညှိပြင်ဆင်ယူရမှာဖြစ်တယ်လို့ အကြံပြုလိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly