ဗိုင်းရပ်စ်ကူးမည်စိုး၍ ပြည်ပကနေ နေရပ်ပြန်လာသော တရုတ်ကျောင်းသား၊ကျောင်းသူများ အေးစက်သည့် တုန့်ပြန်ကြိုဆိုမှုနှင့် ရင်ဆိုင်နေရ

ဗိုင်းရပ်စ်ကူးမည်စိုး၍ ပြည်ပကနေ နေရပ်ပြန်လာသော တရုတ်ကျောင်းသား၊ကျောင်းသူများ အေးစက်သည့် တုန့်ပြန်ကြိုဆိုမှုနှင့် ရင်ဆိုင်နေရ

ဧပြီ ၄

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဘေးကနေ လွတ်မြောက်ရန် နိုင်ငံရပ်ခြားမှ မိခင်နိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လာကြသော တရုတ်ကျောင်းသား၊ ကျောင်းသူများသည် ယခုအခါ မိခင်နိုင်ငံသို့ ပြန်လည်ဆိုက်ရောက်ချိန်တွင် ပြည်တွင်းရှိ လူအစုအဖွဲ့တစ်ချို့ထံမှ နွေးထွေးခြင်းကင်းမဲ့သည့် ကြိုဆိုမှုကို ရင်ဆိုင်နေရလျက် ရှိသည်။

ပြည်တော်ပြန် တရုတ်ကျောင်းသား၊ ကျောင်းသူများကို ငွေကြေးတတ်နိုင်သူများ၊ အလိုက်လိုက်ခံရ၍ ဆိုးဝါးနေသူများ၊ ယုစွအဆုံး ဗိုင်းရပ်စ်ပိုး ရှိချင် ရှိနေနိုင်သူများအဖြစ် ပြည်တွင်းရှိ ပြည်သူအစုအဖွဲ့တစ်ချို့က ရှုမြင်နေကြ သည်။

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်အရေအတွက်သည် ပြီးခဲ့သည့်လတွင် တစ်စထက်တစ်စ လျော့ပါးကျဆင်းသွားခဲ့ပြီဖြစ်ေသာ်လည်း ယခုအခါ ယင်းနိုင်ငံအနေဖြင့် ပြည်ပကနေ ပြည်တွင်းသို့ ဝင်ရောက်သည့် ကူး စက်မှုဖြစ်စဉ်များ တွေ့ရှိမှု ဒုတိယလှိုင်းတစ်ခုကို တားဆီးပိတ်ဆို့နိုင်ရန် လုပ်ဆောင်နေရလျက် ရှိသည်။

နိုင်ငံတကာ လေယာဉ်ခရီးစဉ်အများစုကို ဖျက်သိမ်းထားပြီး နိုင်ငံခြားသားအားလုံးနီးပါးကိုလည်း နိုင်ငံတွင်းသို့ ဝင်ခွင့် တားမြစ်ထားချိန်တွင် တရုတ်သို့ ပြန်လာသူ အများစုသည် ကျောင်းသားအများအပြား အပါအဝင် တရုတ် နိုင်ငံသားများပင် ဖြစ်သည်။

လက်ရှိအခြေအနေအရ တရုတ် လူ့အဖွဲ့အစည်းအတွင်း၌ အခွင့်ထူးခံလူတန်းစားများနှင့်ပတ်သက်၍ မလိုမုန်းထားမှုများရှိနေသည်ကိုလည်း ဖော်ပြနေသည်။ ပြည်တော်ပြန် ကျောင်းသားများသည် ကျေးဇူးသိတတ်သူများ မဟုတ်ဘဲ အန္တရာယ်ပင် ပေးကောင်း ပေးနိုင်သူများအဖြစ် ပုံသွင်းနေသည့် အွန်လိုင်းပို့စ်များကလည်း ယင်းအခြေအနေအပေါ် တွန်းပို့လှု့ံ့ဆော်ပေးနေခဲ့သည်။

“ ခုလောလောဆယ်မှာတော့ တရုတ်မှာ အများရဲ့ အမြင်သဘောထားအရတော့  နိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့ တရုတ်ကျောင်းသားတွေအပေါ် အတော်လေးကို စိမ်းကားတဲ့ပုံ ပေါ်နေပါတယ်၊ နောက်ပြီး အဲဒီမှာ သီးခြားခွဲ ထားတဲ့ အဆောက်အအုံတွေကလည်း ရောနှောနေပါတယ်” ဟု Yale တက္ကသိုလ်မှ မာစတာကျောင်းသူတစ်ဦးဖြစ်သည့် Hestia Zhang က ပြောသည်။

သူမသည်လည်း တရုတ်သို့ ပြန်ရန်ထက် ကျောင်းဝင်းတွင်းမှာပင် ကိုယ်တိုင် သီးခြားခွဲနေရန် ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက လက်ရှိအချိန်တွင် ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု၏ လေးပုံတစ်ပုံနီးပါးနှင့် ညီမျှနေသည် ဆိုသော်လည်း Zhang က မိခင်နိုင်ငံသို့ မပြန်တော့ဘူးဟုသာ ဆုံးဖြတ်ထားသည်။

“ ခုချိန်မှာ အိမ်အပြန်ခရီးမှာ စွန့်စားရမှာတွေက အများကြီး ရှိပါတယ်၊ ဒီတော့ ဒီမှာပဲ ဆက်နေပြီး စောင့်သွားပါတော့မယ်” ဟု သူမက အေအက်ဖ်ပီကို ပြောသည်။

တရုတ်တွင် ပြည်ပကနေ ပြည်တွင်းသို့ ဝင်လာသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုြဖစ်စဉ် ၈၀၀ အနက် ထက်ဝက်နီးပါးသည် နိုင်ငံခြားတွင် ကျောင်းတက်သည့် ကျောင်းသား၊ ကျောင်းသူများတွင် ကူးစက်ထားခြင်း ဖြစ်သည်။

ပြည်တော်ပြန်လာသူအများစုသည် သီတင်းပတ်နှစ်ပတ်ကြာ သီးခြားခွဲနေရန် လိုအပ်မည်ဖြစ်သည်။ သို့သော် ဆိုရှယ်မီဒီယာပေါ်တွင် လူအများ ဝေမျှထားသည့် ဗီဒီယိုတစ်ခုတွင် ပြည်တော်ပြန် တရုတ်ကျောင်းသူတစ်ဦးက Qingdao မြို့ရှိ သူမအား ထားရှိသော သီးခြားအခန်းထဲကနေ ထွက်ပြေးရန် ကြိုးပမ်းနေသည်ကို တွေ့မြင်ခဲ့ရပြီး ယင်းဗီဒီယိုကြောင့် အွန်လိုင်းပေါ်တွင် ဒေါသထွက်မှုများ ရှိခဲ့သည်။

အခြား ဗီဒီယိုကလစ်တစ်ခုတွင်လည်း ပြည်တော်ပြန်လာသူတစ်ဦးက ရှန်ဟိုင်းမြို့ရှိ သီးခြားခွဲထားသည့် အဆောက်အအုံတစ်ခုတွင် လုပ်သားများထံကနေ ရေဗူးတစ်ဗူးကို ဒေါသတကြီး တောင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။

“ သူတို့တွေက ကျုပ်တို့စားတဲ့ ပန်းကန်ထဲက စားစရာတွေကို စားကြတယ်၊ အဲ သူတို့ စားလို့လည်း ၀သွားရော ကိုယ့်နိုင်ငံကို ခြေစုန်ကန်သွားတော့တာပါပဲ၊ ဒီလို လူတွေကို ကျုပ်တို့ ပြန်ခေါ်စရာ မလိုပါဘူးဗျာ” ဆိုပြီး အွန်လိုင်းသုံးသူတစ်ဦးက ရေးသားထားခဲ့ရာတွင် ယင်းရေးသားချက်သည် like အရေအတွက် ထောင်ချီ ရခဲ့သည်။

နိုင်ငံရပ်ခြားတွင် ကျောင်းသွားတတ်နေသည့် တရုတ်ကျောင်းသားများသည် ၎င်းတို့ကိုယ်ကိုယ် အခြားသော တရုတ်နိုင်ငံသားများထက် ပိုမို အထက်တန်းကျသူများအဖြစ် ထင်မြင်ထားသည်ဆိုသည့် အယူတစ်ခုလည်း ကျယ် ကျယ်ပြန့်ပြန့် ရှိနေသည်ဟု Xi’an Jiaotong-Liverpool တက္ကသိုလ်မှ မီဒီယာနှင့် ဆက်သွယ်ပြန်ကြားရေး ပါမောက္ခ Yik-Chan Chin က ပြောသည်။

ပြည်ပတွင် ပညာသင်ကြားနေသော တရုတ်ကျောင်းသား ၁ ဒသမ ၆ သန်းခန့်အနက် အများစုသည် ယခုအချိန်အထိ နိုင်ငံရပ်ခြားတွင် ရှိနေဆဲဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောင်းသားအများအပြားသည် နေရပ်ပြန်လာချင်ကြသော်လည်း လေယာဉ်လက်မှတ်ခ အလွန်ကြီးမားမှု၊ လေယာဉ်အကူးအပြောင်းများပြီး အခက်တွေ့နိုင်မှု၊ လမ်းခရီးတွင် ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ မြင့်တက်မှုတို့အပေါ် စိုးရိမ်ပူပန်လျက် ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly