နှာခေါင်းစည်း mask များ တင်ပို့မှု ရပ်ဆိုင်းသည့် ထရမ့်၏ ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်မည်ဟု ကနေဒါ ဝန်ကြီးချုပ် ပြော

နှာခေါင်းစည်း mask များ တင်ပို့မှု ရပ်ဆိုင်းသည့် ထရမ့်၏ ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်မည်ဟု ကနေဒါ ဝန်ကြီးချုပ် ပြော

ဧပြီ ၄

အမေရိကန်ကုန်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ကနေဒါဆီ နှာခေါင်းစည်း mask များ ရောင်းချနေသည်ကို ရပ်တန့်ခိုင်းသည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်းထရူဒိုက သတိပေးလိုက်သည်။

ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပစ္စည်းများ ထုတ်လုပ်သော မင်နီဆိုးတားအခြေစိုက် 3M ကုမ္ပဏီကို ကနေဒါနှင့် လက်တင်အမေရိကဆီ ကာကွယ်ရေး နှာခေါင်းစည်းများ တင်ပို့နေခြင်းကို ရပ်တန့်ရန် ထရမ့်အစိုးရ က ကြာသပတေးနေ့၌ အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေး လိုအပ်ပစ္စည်းများသည် နယ်စပ်ကို ဖြတ်၍ အပြန်အလှန် စီးဆင်းနေခြင်းဖြစ်ကြောင်း၊ ကနေဒါမှ သူနာပြု ထောင်ပေါင်းများစွာသည် နေ့စဉ် ဒီထရွိုက်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်နေကြောင်း ဝန်ကြီးချုပ် ထရူဒိုက မှတ်ချက်ပြုပြောသည်။

“ဒီအတွက် အမေရိကန်ကလည်း ဒီဖက်ကို မှီခိုအားထားနေရတာပဲ ဖြစ်တယ်။ ဆေးဝါးပစ္စည်းတွေ အပါအဝင် မရှိမဖြစ် ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေ ကျွန်တော်တို့ နယ်စပ်မှာ အပြန်အလှန် ကုန်သွယ်စီးဆင်းနေတာကို လျှော့ ချတာမျိုး၊ ပိတ်ဆို့တာမျိုးဟာ အမှားဖြစ်လိမ့်မယ်။”ဟု ၎င်းက ပြောသည်။

ကိုရီးယားစစ်ပွဲကာလ ဥပဒေဖြစ်သော ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုအက်ဥပဒေအရ 3M ကုမ္ပဏီအား ၎င်း၏ ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များကို အမေရိကန်အစိုးရထံ အတင်းအကျပ် ရောင်းချခိုင်းမည်ဖြစ်ကြောင်း ထရမ့်က ဗုဒ္ဓဟူးနေ့က ပြောသည်။

“3M ဟာ သူတို့ ထုတ်လုပ်တဲ့ နှာခေါင်းစည်းတွေကို ဘာလုပ်လဲဆိုတာ သိထားပြီးပြီ။ ဒီကနေတော့ 3M ကို ကျွန်တော်တို့ ကောင်းကောင်း ပညာပေးရမယ်။ ဒါဟာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုအက်ဥပဒေအရပဲ။”ဟု ထရမ့်က တွစ်တာ၌ ရေးသားသည်။

“3M လုပ်တဲ့ လုပ်ရပ်ဟာ အစိုးရကို တော်တော်လေး အံ့ဩစေတယ်။ ဒီအတွက် တန်ဖိုးကြီးကြီး ပြန်ပေးရမယ်။”ဟု ထရမ့်က ထပ်လောင်း ရေးသားသည်။

အမေရိကန်တွင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် အက်ဥပဒေအရ သမ္မတသည် အခက်အခဲကာလ၌ ကုမ္ပဏီများအား လိုအပ်ပစ္စည်းများ ထုတ်လုပ်ခိုင်းခြင်း၊ ပြည်ပတင်ပို့မှု ရပ်ခိုင်းခြင်းများကို အခွင့်အာဏာပေးနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly