ဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် ဧည့်သည်တွေ သိပ်မလာတော့လို့ ခြောက်ကပ်နေလျက်ရှိတဲ့ တောင်ကိုရီးယားတိရစ္ဆာန်ကဖေးများ

ဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် ဧည့်သည်တွေ သိပ်မလာတော့လို့ ခြောက်ကပ်နေလျက်ရှိတဲ့ တောင်ကိုရီးယားတိရစ္ဆာန်ကဖေးများ

ဧပြီ ၄

တောင်ကိုရီးယားနိုင်ငံမှာ ချစ်စဖွယ်ကောင်းတဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့အတူ ယှဉ်တွဲ ရောင်းချတဲ့ ကော်ဖီဆိုင်လေးတွေဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်ခင် အချိန် နေ့ရက်တွေတုန်းကတော့ လာရောက်အားပေးတဲ့ ဖောက်သည်တွေနဲ့ စည်ကားခဲ့တဲ့ ဆိုင်တွေ ဖြစ်ခဲ့ပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ်တိုင် မွေးမြူထားနိုင်ခြင်း မရှိတဲ့သူတွေအတွက်ကတော့ အဆိုပါ တောင်ကိုရီးယားက တိရစ္ဆာန်ကဖေး ဆိုင်လေးတွေကို သွားရောက်တဲ့အခါမှာ ကော်ဖီ သောက်ရင်းနဲ့ ခွေး၊ ကြောင် စတဲ့ ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွေ့ပိုက်ယုယခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဗိုင်းရပ်စ် အန္တရာယ်ကြောင့် တောင်ကိုရီးယားနိုင်ငံသားတွေဟာ သီးခြားခွဲနေမှု (social distancing) လမ်းညွန်ချက်တွေအရ ၎င်းတို့တွေရဲ့ နေအိမ်တွေမှာပဲ နေနေကြရသလို ခရီးသွားလုပ်ငန်းကလည်း ပျောက်ကွယ်သလောက် ဖြစ်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် တခြားလုပ်ငန်းတွေနဲ့ မတူဘဲ ဒီ တိရစ္ဆာန်ကဖေးတွေကတော့ တိရစ္ဆာန်လေးတွေကို ကြည့်ရှုစောင့်ရှောက်ထားရတဲ့အတွက် ဝန်ထမ်းတွေကို အလုပ်ရပ်နားတာမျိုးလည်း လုပ်လို့မရနိုင်ပါဘူး။

မီယာကတ်တွေနဲ့ ရက်ကွန်းဝံတွေကတော့ ဒီဆိုင်တွေမှာ အထူးရေပန်းစားတဲ့ အကောင်လေးတွေ ဖြစ်ပါတယ်။ ဒီတိရစ္ဆာန်နှစ်မျိုးစလုံးမှာဆိုရင် လူတွေရဲ့ အမြင်မှာ ချစ်စရာ ကောင်းတဲ့ အပြုအမူပုံစံလေးတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလို သတ္တဝါလေးတွေကို ရောင်းဝယ်မှုတွေကိုတော့ တိရစ္ဆာန်အခွင့်အရေးစောင့်ရှောက်သူအဖွဲ့တွေက အပြင်းအထန် ကန့်ကွက်ထားပါတယ်။

မြောင်ဒေါင်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ အေဒင် မီယာကတ် တိရစ္ဆာန်ကဖေးဆိုင်ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကင်မင်ဂျီရဲ့ အဆိုအရ ၎င်းတို့ဆိုင်မှာဆိုရင် ခုကာလမှာ တစ်နေ့ကို ဖောက်သည် တစ်ဦး ဒါမှမဟုတ် နှစ်ဦးသာ ဝင်တော့တဲ့အထိ ဧည့်သည်အလာ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

“ကျွန်မတို့ရဲ့ ဖောက်သည် ၉၀ ရာခိုင်နှုန်းလောက်က နိုင်ငံခြားတွေပါ၊ အများစုကတော့ တရုတ်တွေပေါ့၊ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပြီးနောက်ပိုင်း သူတို့ မလာကြတော့ပါဘူး၊ ကိုရီးယားတွေလည်း သိပ်မလာကြ တော့ပါဘူး” ဟု သူမက ပြောပါတယ်။

အလားတူ Table A ဆိုတဲ့ ရက်ကွန်းဝံ ကဖေးဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင် ဂျီဟိုယွန်းကလည်း ၎င်းရဲ့ ဆိုင်ကို ယခုရက်ပိုင်းမှာ ဧည့်သည်အလာနည်းသွားပြီဖြစ်ကြောင်း၊ ဒီကိုရိုနာဗိုင်းရပ်စ်ဟာ တောရိုင်းတိရစ္ဆာန်ကနေ ပထမဆုံး စကူးတာလို့ ကြားပြီးနောက်ပိုင်း လူတစ်ချို့ သူ့ဆိုင်ကို ရှောင်ခဲ့ကြကြောင်း ပြောသွားခဲ့ပါတယ်။ဂျီဟိုယွန်းရဲ့ ဆိုင်မှာတော့ လိပ်၊ ပုတ်သင် စတဲ့ တိရစ္ဆာန်တွေကိုလည်း ထိန်းသိမ်းမွေးမြူထားတာ ဖြစ်ပါတယ်။

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး စတင်ကူးစက်ဖြစ်ပွားပြီးနောက် တောင်ကိုရီးယားဟာ တရုတ်ပြင်ပမှာ ဗိုင်းရပ်စ် ကူးစက်မှု အစောဆုံး ကြုံတွေ့ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly