ကော်တင်ဟိုကို ဘယ်စျေးနဲ့ရောင်းမလဲဆိုတာ အသိပေးလိုက်ပြီဖြစ်တဲ့ ဘာစီလိုနာ

ကော်တင်ဟိုကို ဘယ်စျေးနဲ့ရောင်းမလဲဆိုတာ အသိပေးလိုက်ပြီဖြစ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းကတော့ ဘိုင်ယန်မြူးနစ်ဆီ အငှားချထားခဲ့တဲ့ ကွင်းလယ်လူ ကော်တင်ဟိုကို ရောင်းချဖို့ စျေးနှုန်းသတ်မှတ်လိုက်ပါပြီ။ လီဗာပူးလ်အသင်းကနေ ကော်တင်ဟို ကိုခေါ်ယူခဲ့စဉ်တုန်းက ပေါင်(၁၄၂)သန်း ပေးခဲ့ရတဲ့ ဘာစီလိုနာဟာ အခု (၂)နှစ်အကြာမှာတော့ သူတို့ဝယ်ယူခဲ့တဲ့စျေးထက် တစ်ဝက်လောက်လျော့ပြီး ပြန်ရောင်းတော့မယ့် ပုံစံပါ။

စပိန်သတင်းစာတွေရဲ့ ဖော်ပြမှုတွေမှာတော့ ဘာစီလိုနာဟာ ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၈၀)နဲ့ ရောင်းချမယ်လို့  ဖော်ပြနေကြပြီး ပေါင်နဲ့ဆိုရင်တော့ ပေါင်သန်း(၇၀)ကျော် ဝန်းကျင်ပါ။

ဘာစီလိုနာအသင်းမှာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့သလို၊ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ရုန်းကန်နေရတဲ့အနေအထားကြောင့် ကော်တင်ဟိုရဲ့ စျေးနှုန်းက  ကျဆင်းသွားခဲ့တာဖြစ်ပြီး အသက် (၂၇)နှစ်အရွယ်သာ ရှိသေးတဲ့ အနေအထားကြောင့်လည်း ဒီစျေးနှုန်းက တော်တော်လေး တန်နေတယ်လို့  ပြောရမလားပါပဲ။

ကော်တင်ဟိုဟာ ဒီရာသီမှာ သူ အငှားသွားရောက်ကစားနေတဲ့ ဘိုင်ယန်မြူးနစ်အတွက် ခြေစွမ်းပြနေပေမယ့်လည်း ဘိုင်ယန်အသင်းအနေနဲ့ သူ့ကိုအပြီးသတ် စာချုပ် ချုပ်ဖို့ ဆန္ဒမရှိပဲ ရာသီကုန်ရင် ဘာစီလိုနာဆီ ပြန်ပို့မယ့်အခြေအနေရှိနေပါတယ်။

ကော်တင်ဟိုကို ခေါ်ဖို့ စောင့်ကြည့်နေတဲ့ အသင်းအများစုက ပရီးမီးယားလိဂ်က အသင်းတွေပဲဖြစ်ကြပြီး အသင်းဟောင်း လီဗာပူးလ်အပါအဝင် မန်ယူ၊ ချယ်လ်ဆီးတို့ဟာ ကော်တင်ဟို ကိုခေါ်ဖို့ ကြိုးစားနေကြတာပါ။

ကော်တင်ဟို ကိုယ်တိုင်ကလည်း လာမယ့်အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ထွက်ခွာနိုင်လိမ့်မယ်လို့ ယုံကြည်ထားပြီး သူ့အတွက် စိန်ခေါ်မှုအသစ်တွေ ထပ်မံရှာဖွေတော့မယ့် အနေအထားပါပဲ။

Covid-19 ကြောင့် ဝင်ငွေတွေ လျော့ကျကုန်တဲ့ ဘောလုံးအသင်းတွေဟာ လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာ အသင်းအတွက် မလိုအပ်တဲ့ ကစားသမားတွေကို ဖောဖောသီသီ ထုတ်ရောင်းသွားကြလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပြီး လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာ ကော်တင်ဟို တစ်ယောက် ဘယ်ဆီ ရောက်သွားမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရပါဦးမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly