အမေရိကန် ပြည်နယ် ၅၀ စလုံးတွင် အိမ်ထဲမှာပဲ နေရန်အမိန့်ကို ထပ်တိုးချမှတ်သင့်ဟု ဆို

အမေရိကန် ပြည်နယ် ၅၀ စလုံးတွင် အိမ်ထဲမှာပဲ နေရန်အမိန့်ကို ထပ်တိုးချမှတ်သင့်ဟု ဆို

ဧပြီ ၄

အမေရိကန်နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းဆရာဝန်ဖြစ်သည့် ဒေါက်တာ အန်တိုနီဖော့စီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရေးအတွက် နိုင်ငံတွင်းက ပြည်နယ်အားလုံးတွင် အိမ်ထဲမှာပဲ နေရန် အမိန့်ကို ထပ်တိုးချမှတ်သင့်သည်ဟု ပြောသည်။ ၎င်း ပြောသည့်အချိန်၌ ပြည်နယ် ၁၀ ပြည်နယ်သည် အိမ်ထဲမှာပဲ နေရန် အမိန့် မထုတ်ထားရသေးပေ။

CNN ၏ အင်တာဗျူးတစ်ရပ်တွင် ပြည်နယ်အားလုံးသည် တစ်ပြေးညီ အမိန့်များအောက်တွင် ရှိသင့်လားဟု အင်ဒါဆန်ကူးပါးက မေးမြန်းသည်ကို အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်စ် လုပ်ငန်းစဉ်အဖွဲ့ သတင်း စာရှင်းလင်းပွဲများတွင် ပုံမှန် မြင်တွေ့ရသည့် ဒေါက်တာ ဖော့စီက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုနဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေကြားက ညှိမရတဲ့ တင်းမာမှုတွေကို ကျွန်တော် မလိုလားဘူး။ ဒီတိုင်းပြည်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေ ဘာကြောင့် မလုပ်သလဲဆိုတာကို ကျွန်တော် နားမလည်ဖြစ်ရတယ်။ ကျွန်တော်တို့ လုပ်သင့်တာ လုပ်ရမှာဖြစ်တယ်။”ဟု ဒေါက်တာ ဖော့စီက ပြောသည်။

အမေရိကန်အားလုံး နေအိမ်ထဲမှာပင် နေရမည့် အမိန့်အောက်တွင် ရှိရမည်ကို ၎င်းအနေဖြင့် ထောက်ခံကြောင်း ဒေါက်တာ အန်တိုနီဖော့စီက ရှင်းရှင်းလင်းလင်း ဆိုသည်။

ယင်း သဘောထားကို ထောက်ခံရပ်တည်ရင်း ဒေါက်တာဖော့စီသည် တစ်နိုင်ငံလုံး  အိမ်ထဲမှာပဲ နေရန် အမိန့်ကို ထပ်တိုးချမှတ်သွားရန်လည်း ၎င်းက တိုက်တွန်းပြောဆိုသည်။

သမ္မတ ထရမ့်က နိုင်ငံအတွင်း လူစုလူဝေးရှောင်ရန် လမ်းညွှန်ချက်ကို ဧပြီ ၃၀ ရက်အထိ ထပ်တိုးခဲ့သော်လည်း ဗဟိုအမိန့်တစ်ရပ် ထုတ်ပြန်ရန်ကိုမူ တင်းခံထားသည်။ ထရမ့်က ယင်းသို့သော လုပ်ငန်းစဉ်များကို ပြည်နယ်များက ဆုံးဖြတ်စေလိုသည်ဟု ယခု သီတင်းပတ်အစောပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ အချက်အလက်တွေကို ဆက်လက်နားထောင်နေဦးမှာ ဖြစ်ပြီး ပြည်နယ်တွေနဲ့ တိုင်ပင်နှီးနှောသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတရဲ့ အနေအထားကတော့ အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် လုပ်ငန်းစဉ်အဖွဲ့က ပြည်နယ်နဲ့ ဒေသကျန်းမာရေးအာဏာပိုင်တွေ သင့်တော်သလို ဆောင်ရွက်ကြတာကို ဆက်လက်အားပေးသွားမှာ ဖြစ်ပါတယ်။”ဟု မိုက်ပန့်စ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly