ရေချိုးရင် COVID-19 ကို ကာကွယ်နိုင်သလား

ရေချိုးရင် COVID-19 ကို ကာကွယ်နိုင်သလား

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

COVID-19 ရောဂါကြီး ပြန့်နှံ့နေတာ ၄ လ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ လူ ၁ သန်းကျော် ကူးစက်ခံခဲ့ရပြီး သေဆုံးသူအရေအတွက်ဟာလည်း ၅၃၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရောဂါကို အတိအကျ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမျိုး၊ ကာကွယ်နိုင်တဲ့ ဆေးဝါးမျိုး မပေါ်ထွက်သေးတာကြောင့် ကာကွယ်ရေးနည်းလမ်းတွေကိုသာ အားလုံးက အာရုံစိုက် လုပ်ဆောင်နေကြရပါတယ်။

လက်ဆေးတာ၊ မျက်နှာကို Mask တပ်ပြီးကာကွယ်တာနဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို အနည်းဆုံးလျှော့ချပြီး Social Isolation အဖြစ် နေထိုင်တာတွေဟာ ရောဂါကူးစက်ခံရမှုဘေးကနေ ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေဖြစ်ကြပါတယ်။

အထူးသဖြင့် လက်ကို မကြာခန ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကျောပေးတာဟာ ရောဂါပိုး ကူးစက်မခံရအောင်၊ ရောဂါပိုး ရုတ်တရက် ကပ်ငြိခဲ့ရင်တောင်မှ သန့်စင်ဖယ်ရှားနိုင်အောင် အထောက်အကူပြုပါတယ်။

ဒါကြောင့်လည်း နောက်ပိုင်းမှာ လူတစ်ချို့က အတွေးအခေါ်တစ်ခုကို လက်ခံယုံကြည်လာကြပါတယ်။ အဲဒါကတော့ ဆပ်ပြာနဲ့ လက်ဆေးရင်တောင် လက်ကို သန့်စင်စေ၊ လက်မှာကပ်ငြိနေတဲ့ ပိုးကိုဖယ်ရှားနိုင်ရင် တစ်ကိုယ်လုံး ရေချိုးချလိုက်ရင် တစ်ကိုယ်လုံးကို ကာကွယ်နိုင်မယ်ဆိုတဲ့ အတွေးပါပဲ။

ရေချိုးရင် ပိုးသေမှာလား

ဒီအယူအဆဟာ တကယ်မှန်ရဲ့လား။ ယျေဘုယျအားဖြင့် တွေးမယ်ဆိုရင်တော့ ဟုတ်သလိုလိုပါပဲ။ လက်ကို ဆပ်ပြာနဲ့ဆေးတာ ပိုးကိုကာကွယ်နိုင်ရင် တစ်ကိုယ်လုံး ဆပ်ပြာတိုက်ပြီး ရေချိုးတာကလည်း ပိုးကို ကာကွယ်နိုင်မယ်ပေါ့။

တကယ့်လက်တွေ့အခြေအနေမှာတော့ ဒီအချက်ဟာ မှန်ကန်မှုမရှိပါဘူး။ ရေအေး ဒါမှမဟုတ် ရေပူ ဘယ်လိုရေအမျိုးအစားနဲ့မဆို ရေချိုးတာက COVID-19 ရောဂါပိုး ကူးစက်ခံရမှုကို ကာကွယ်နိုင်ခြင်းမရှိပါဘူး။

တစ်ချို့က ရေနွေးနဲ့ ဆပ်ပြာတိုက်ပြီး ရေချိုးမယ်ဆိုရင် ဒီရောဂါပိုး ကပ်ငြိမှုကို ဖယ်ရှားနိုင်လိမ့်မယ်လို ယုံကြည်နေကြပါတယ်။ တကယ်တမ်းမှာတော့ ဒီအချက်ဟာ လွဲမှားနေပါတယ်။ ရေနွေးနဲ့ ရေချိုးရင်တောင်မှ ခန္တာကိုယ်တွင်းမှာရှိတဲ့ လူ့ကိုယ်တွင်းအပူချိန်ဟာ ပြောင်းလဲသွားမှာမဟုတ်ပဲ ပုံမှန်အတိုင်းသာရှိနေမှာဖြစ်တာမို့ ပိုးကို မတားဆီးနိုင်ပါဘူး။

လက်ကို စင်ကြယ်စွာ ဆေးကျောစေရတဲ့ အဓိက အကြောင်းအရင်းက ကိုယ့်ရဲ့ လက်မှာ ပိုးကပ်ငြိနေချိန်မျိုးမှာ မသိလိုက်ဘာသာနဲ့ မျက်နှာ၊ နှာခေါင်း၊ မျက်စိ၊ ပါးစပ်စတဲ့ ခန္တာကိုယ်အတွင်း ပိုးဝင်ရောက်နိုင်တဲ့ အစိတ်အပိုင်းတွေကို အဆိုပါလက်နဲ့ ကိုင်တွယ်မိရင် ရောဂါပိုးကိုယ်တွင်းကို ဝင်ရောက်သွားနိုင်တာကြောင့်ဖြစ်ပါတယ်။

အလွန်ပူတဲ့ရေနဲ့ ရေချိုးတာမျိုး၊ ရေအကြိမ်ကြိမ်ချိုးတာမျိုးက ပိုးကိုမကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကိုတောင် ထိခိုက်စေနိုင်ပါသေးတယ်။

ရောဂါကို ကာကွယ်နိုင်မယ်ဆိုတဲ့အတွေးနဲ့ ရေတွေ ခနခနချိုးမိနေမယ်ဆိုရင် COVID-19 ကို မကာကွယ်နိုင်တဲ့အပြင် အောက်ပါဝေဒနာတွေကိုပါ ခံစားရလာနိုင်ပါတယ်။

  • အရေပြား ယားယံတာ၊
  • အသားအရေခြောက်သွေ့တာ၊
  • Eczema ယားနာဝေဒနာ စွဲကပ်တာ
  • Psoriasis လို ကုသလို့မရတဲ့ ယားနာရောဂါမျိုး စွဲကပ်တာ၊
  • ဆံပင်ခြောက်တာ၊
  • ဆံပင်ကျွတ်တာ၊
  • အအေးမိတာ၊
  • ပူပြင်းတဲ့နွေရာသီကာလဖြစ်တာကြောင့် အခန့်မသင့်ရင် ဦးနှောက်သွေးကြောပြတ်တာမျိုး အန္တရာယ်တွေဖြစ်ပါတယ်။

ရေကို တစ်နေ့တစ်ကြိမ်နှုန်းနဲ့ တစ်ခါချိုးရင်း ၅ မိနစ်နဲ့ ၁၀ မိနစ်အကြား ပုံမှန် ချိုးပေးမယ်ဆိုရင် အိပ်မပျော်တဲ့ဝေဒနာ၊ စိတ်ဖိစီးမှုများတာ၊ ယားနာဝေဒနာ၊ ကူးစက်ရောဂါ၊ နှာချေ၊ ချောင်းဆိုးဝေဒနာတွေ သက်သာစေမှာဖြစ်သလို သွေးလည်ပတ်မှုကိုလည်း အားကောင်းစေမှာဖြစ်ပါတယ်။ နောက်ပြီး သွေးတွင်း သကြားဓာတ်ကို လျှော့ကျစေနိုင်သလို ကြွက်သားတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။

ဒါပေမယ့် COVID-19 ကို ကာကွယ်နိုင်လိမ့်မယ်ဆိုတဲ့ အယူအဆမှားကြီးနဲ့တော့ မကြာခန ရေမချိုးကြဖို့တော့ တိုက်တွန်းပါရစေ။

COVID-19 ရောဂါကို ဖြစ်ပွားစေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ရေပူ၊ ရေအေးတွေနဲ့ ရေချိုးခြင်းနည်းလမ်းနဲ့ တားဆီးနိုင်ခြင်း မရှိတဲ့အပြင် ဒီပိုးဟာ ပူတဲ့၊ အေးတဲ့၊ စိုထိုင်းဆမြင့်တဲ့၊ ခြောက်သွေ့တဲ့ ဘယ်လိုရာသီဥတုမှာမဆို ပြန့်နှံ့နိုင်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်တယ်လို့လည်း WHO ကလည်း အသိပေးထားပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly