ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိနေတဲ့ Zaandam အပျော်စီးသင်္ဘော ကမ်းကပ်ခွင့်ရ ခရီးသည်များအား ဆင်းခွင့်ပြု

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိနေတဲ့ Zaandam အပျော်စီးသင်္ဘော ကမ်းကပ်ခွင့်ရ ခရီးသည်များအား ဆင်းခွင့်ပြု

ဧပြီ ၃

တောင်အမေရိနိုင်ငံများစွာရဲ့ ကမ်းကပ်ခွင့်မရဘဲ ပနားမားကမ်းလွန်မှာသောင်တင်နေခဲ့တဲ့ အပျော်စီးသင်္ဘော Zaandam ဟာ ဧပြီ ၂ ရက်က ဖလော်ရီဒါကမ်းခြေမှာ ဆိုက်ကပ်ခွင့်ရသွားပြီဖြစ်ပါတယ်။

Holland America လိုင်းပိုင် Zaandam အပျော်စီးသင်္ဘာ ပေါ်မှာ ခရီးသည် ဒါဇင်ပေါင်းများစွာလိုက်ပါလာပြီး ဖလော်ရီဒါကမ်းခြေ ဖော့လော်ဒါဒေးမြို့က အဲဗားဂလိတ် ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ပြီး သူ့နောက် မလှမ်းမကမ်းမှာ အလားတူ အပျော်စီးသင်္ဘော Rotterdam လည်းရှိနေပါတယ်။

ခရီးသည်အချို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့အတွက် စိုးရိမ်မှုတွေလည်း မြင့်တက်နေပြီး ဆိပ်ကမ်းကပ်နိုင်ဖို့ ရက်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် ခုလို ကမ်းကပ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

 Zaandam အပျော်စီးသင်္ဘောပေါ်မှာ  လူ ၄ ဦး သေဆုံးထားပြီး အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

Holland America လိုင်း ဥက္ကဋ္ဌ  Orlando Ashford က “ကျွန်တော်တို့ရဲ့ ခရီးသည်တွေ ခုလို ဆိပ်ကမ်းကပ်ခွင့်ရတာ အရမ်းဝမ်းသာပါတယ်၊ ဆေးဝါးကုသဖို့ ထပ်မံလိုအပ်တဲ့သူတွေကိုလည်း  ကူညီပေးသွားမှာပါ” လို့ပြောပါတယ်။

သင်္ဘောပေါ်က ခရီးသည် ၁၀၇ ဦး နဲ့ အမှုထမ်း ၁၄၃ ဦး တို့ဟာ ခရီးစဉ်အတွင်း တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာတွေ ပြသခဲ့ကြပေမယ့် အများစုက ပြန်လည်ကျန်းမာလာပြီလို့ သိရပါတယ်။

ခရီးသည် ၁၃ ဦး နဲ့ သင်္ဘောသား ၁  ဦး စုစုပေါင်း ၁၄ ဦးကိုတော့ ဖလော်ရီဒါက ဆေးရုံကို ပို့ဆောင်ရမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 Zaandam အပျော်စီးသင်္ဘော ပေါ်မှာ ခရီးသည်စုစုပေါင်း ၁၂၅၀ ဦးနဲ့ အမှုထမ်း ၁၁၈၆ ဦးတို့ လိုက်ပါစီးနင်းခဲ့ကြပြီး သင်္ဘောပေါ်မှာ ခရီးသည်သေဆုံးမှုရှိခဲ့တာကြောင့်ကမ်းကပ်ခွင့်မရဘဲ ပင်လယ်ပြင်မှာသောင်တင်နေခဲ့တာဖြစ်ပါတယ်။

Zaandam အပျော်စီးသင်္ဘောဟာ မတ် ၇ ရက်က ဗျူနိုအေရိစ်ကနေ ထွက်ခွာလာခဲ့ပြီး ချီလီနိုင်ငံမှာ မတ်လ ၂၁ ရက်နေ့ ဆိုက်ကပ်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly