ဆုံးရှုံးနစ်နာနေသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အခြေအနေ ဦးနောင်းနောင်းဟန်နှင့်အင်တာဗျူး

ဆုံးရှုံးနစ်နာနေသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အခြေအနေ ဦးနောင်းနောင်းဟန်နှင့်အင်တာဗျူး
ပုံ- ပြည်ထောင်စု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်

ရန်ကုန်၊ဧပြီ ၃

မြန်မာနိုင်ငံတွင် COVID – 19 ရောဂါ ဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် ထိခိုက်ဆုံးရှုံးမှု အများဆုံး ဖြစ်စဉ်များထဲ မှာ ရှိနေသည့်  စီးပွားရေး လုပ်ငန်းကဏ္ဍများထဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကလည်း တစ်ခု အပါ အဝင် ဖြစ်နေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ Coronavirus Disease 2019 (COVID  – 19) ရောဂါအား ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည့် နောက် တွင် မြန်မာနိုင်ငံမှ ပထမဦးဆုံး အနေဖြင့် ပြည်ဝင်ခွင့်ဗီဇာများကို ယာယီပိတ်ပင်လိုက်ပြီး နိုင်ငံခြားသားများ ဝင်ရောက်မှုကို တားမြစ်ကြောင်း ၂၀၂၀ ခုနှစ်၊မတ်လ ၁၉ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။

ထို့နောက် ဥပရောပ၊ အရှေ့တောင်အာရှနှင့် အမေရိက စသည့် နိုင်ငံအသီးသီးမှ ဝင်ရောက်လာမည့် နိုင်ငံခြား သားများ၏ ဆိုက်ရောက်ဗီဇာ (Arrival Visa)နှင့် အီလက်ထရောနစ် ဗီဇာ (E-Visa)တို့ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ယာယီ ရပ်ဆိုင်းကြောင်း ကြေညာချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်လာခြင်း မရှိတော့ဘဲ ပြည်တွင်းရှိ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ အားလုံး ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနောင်းနောင်းဟန်ကို မဇ္ဈိမမှ သတင်းထောက် ဟိန်းသက်ဦးက ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။         ။ ပထမဦးအနေနဲ့ လက်ရှိ COVID– 19 ဂယက်ကြောင့် ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေအပေါ် ထိခိုက်မှု ရှိနေတဲ့အတွက် ဒီလုပ်ငန်းတွေရဲ့ လည်ပတ်နေမှု အခြေအနေတွေ သိချင်ပါတယ်။

ဖြေ ။        ။  အခုလောလောဆယ်မှာ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းနေပါတယ်။ ဟိုတယ်တွေ အနေနဲ့ ဝင်ရောက်မှု မရှိတော့ဘဲ လက်ရှိ တည်းခိုနေတဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေလောက်ပဲ တချို့ ဟိုတယ် တွေမှာ ရှိနေတယ်။ ရန်ကုန်မှာရှိတဲ့ ဟိုတယ်တွေကလည်း ပြည်ပက ပြန်လာတဲ့ သူတွေကို Quarantine အနေနဲ့ ထားရှိ ပေးနေတဲ့ အခြေအနေမှာပဲ ရှိတယ်။ ရာခိုင်နှုန်းအရ ပြောရရင် တစ်နိုင်ငံလုံးမှာရှိတဲ့ ဟိုတယ်တွေရဲ့ (၇)ရာခိုင်နှုန်း လောက် ပဲ လည်ပတ်နေတဲ့ အခြေအနေမှာ ရှိနေပြီးတော့ ဒီထက် နည်းလာနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။

မေး ။       ။ အခု အခြေအနေ အရဆိုရင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေရဲ့ ရပ်တည်နိုင်မှု အနေအထားနဲ့ ဒီလုပ်ငန်း နယ်ပယ်မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ အလုပ်အကိုင် အခြေအနေရော ဘယ်လိုရှိပါသလဲ။

ဖြေ ။       ။ ခရီးသွားလုပ်ငန်းတွေ အနေနဲ့ ပြောရရင်တော့ ၆ လလောက် ကနေ ၁နှစ် လောက်အထိတော့ ခရီး စဉ်တွေ ထိခိုက်နိုင်တယ်။ ဟိုတယ်တွေ အနေနဲ့ကတော့ ဒေသတချို့ ခရီးသွားလာခွင့် ပိတ်ထားတာတွေ ပြန်လည် ဖြေလျှော့ ပေးလာရင်တော့ ပြည်တွင်း ခရီးသွားတွေ ပြန်လည် မျှော်လင့်လာနိုင်စရာရှိတယ်။ ဟိုတယ်တွေအနေနဲ့ လက်ရှိမှာ ဝန်ထမ်း လျှော့တာတွေ၊ လစာလျှော့တာတွေ လုပ်ပြီး အလုပ်ချိန်ကိုလည်း လျှော့ချပေးပြီး ဝန်ထမ်းတွေကို ထိန်းထားတာ တွေ ရှိတယ်။ ခရီးသွား လုပ်ငန်းတွေကတော့ ဝန်ထမ်းတွေကို ၂၀ ရာခိုင်နှုန်းလောက် လျှော့ချပြီး ကျန်တဲ့ ဝန်ထမ်းတွေ ကိုလည်း လစာ တဝက်ပေး ပုံစံမျိုးတွေ၊ ၆ လအထိ လစာမဲ့ ခွင့်ပေးလိုက်တာ မျိုးတွေ ရှိနေတယ်။ အခုလောလောဆယ် ဧပြီလ နဲ့ မေလ ၂ လစာအတွက်တော့ လစာပေးထားပြီး အလုပ်တွေ ရပ်ထားရတဲ့ အနေအထားမျိုး တွေ့ရပါတယ်။

မေး ။       ။ အခုလက်ရှိ အစိုးရဘက်ကနေ Covid – 19 Fund ကနေ ချေးမယ့် ကျပ်ဘီလီယံ ၁၀၀ ကနေ ပထမအဆင့် ဦးစားပေး ချေးသွားမယ့် စီးပွားရေး လုပ်ငန်းကဏ္ဍ ၃ ခု ထဲမှာ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေလည်း ပါဝင်နေတော့ ဒီအပေါ်မှာရော ချေးငွေလျှောက်ထားမှု အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ ။      ။  အခုလောလောဆယ် လျှောက်လွှာတွေကို လက်ခံ ဆောင်ရွက် ပေးနေပါတယ်။ ဒါပေမယ့် ချေးမယ့် လုပ်ငန်း တွေထဲမှာ အထည်ချုပ်ရော၊ SME တွေရော ပါနေတော့ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေအတွက် ဒီအသုတ်မှာ ချေးငွေ ရရှိဖို့က မျှော်လင့်ရမှာပေါ့နော်။ နိုင်ငံတော်ကနေ ချပေးတဲ့ ချေးငွေ ပမာဏကလည်း နည်းနေတော့ အခု ပထမဆုံး အသုတ်မှာ မရခဲ့ရင်တောင် ဒုတိယ၊ တတိယ အသုတ်တွေမှာ ရနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
အခုလက်ရှိ ချေးငွေ လာလျှောက်တဲ့ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေဆို ကုမ္ပဏီ ၅၀ လောက်ပဲ ရှိသေးတယ်။ စာရွက် စာတမ်း ပြင်ဆင်နေတာနဲ့ဆိုတော့ နောက်ရက်တွေ မှာတော့ ဒီထက် များလာနိုင်ပါတယ်။

မေး ။      ။ ဒီ COVID -19 Fund ကနေ ချေးငွေ လျှောက်ထားတဲ့ အခါမှာရော အခက်အခဲတွေ ရှိပါသလား။

ဖြေ ။      ။ လျှောက်ထားသူ အများစုရဲ့ အခက်အခဲကတော့ စာရွက်စာတမ်း အခက်အခဲပေါ့နော်။ တချို့ကုမ္ပဏီတွေက ငွေကြေးနဲ့သက်ဆိုင်တဲ့ တရားဝင် စာရွက်စာတမ်း (Financial Statement)တွေမှာ ဝင်ငွေခွန်ကို အများကြီး မပြခဲ့ဘဲ အပေါ် ညှိနှိုင်းခဲ့တဲ့ ပုံစံမျိုးတွေ လုပ်ခဲ့တော့ ဒီလုပ်ငန်းက လည်ပတ်နေတဲ့ အနေအထားမှာ ရှိပေမယ့်လည်း ပြထားတဲ့ စာရင်းဇယားနဲ့ တရားဝင် စာရွက်စာတမ်းတွေ အပေါ်ကို စစ်ဆေးမှာဖြစ်လို့ ဥပမာ- ချေးမယ့် ပမာဏက သိန်း ၅၀၀၊ ဝင်ငွေခွန်က တစ်နှစ်ကို သိန်း ၁၀၀ ပဲ ဖြစ်နေတော့ ၅ နှစ်လောက်ကြာမှ ပြန်ဆပ်နိုင်မယ့် အခြေအနေမျိုး ဖြစ်နေတယ်။
အခု ဒီချေးငွေ ကာလကလည်း ၁ နှစ်ပဲ ပေးထားတာဖြစ်လို့ လိုချင်တဲ့ ချေးငွေပမာဏ မရနိုင်တဲ့ အနေအထားမျိုး ဖြစ်နေ တာပေါ့။ ဒီအခြေအနေက လက်ရှိ လာလျှောက်တဲ့ ကုမ္ပဏီတွေရဲ့ တစ်ဝက်လောက် ရှိနေတော့ ကျန်တဲ့ ၅၀ ရာခိုင်နှုန်း လောက်ပဲ ချေးငွေရရှိဖို့အတွက် အဆင်ပြေမယ့် အနေအထားမှာရှိလို့ လျှောက်မယ့် ခရီးသွား လုပ်ငန်းတွေအနေနဲ့လည်း ကိုယ့်ရဲ့ ဝင်ငွေခွန်အပေါ်မှာ စိစစ်ပြီး ချေးမယ့်ပမာဏကို တင်ပြတာ ပိုကောင်းပါတယ်။

မေး ။       ။ အစိုးရဘက်က Covid-19 Fund ဘက်ကနေ ချေးပေးမယ့် ကျပ် ဘီလီယံ ၁၀၀ က လက်ရှိ ထိခိုက်နေတဲ့ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေအတွက် ဘယ်လောက် အတိုင်းအတာထိ ကုစားပေးနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ ။      ။ ကျွန်တော် ခန့်မှန်းကြည့်တာက ခရီးသွားကဏ္ဍ တစ်ခုလုံးအတွက်ဆိုရင် ကျပ် ဘီလီယံ ၂၀၀ လောက် အရေး တကြီး လိုအပ်ပါလိမ့်မယ်။ ဟိုတယ် လုပ်ငန်းတွေအတွက် ကျပ် ဘီလီယံ ၁၀၀ နဲ့ ခရီးသွား လုပ်ငန်းတွေအတွက် ကျပ် ဘီလီယံ ၅၀ လောက်လိုပါမယ်။
တခြားသော ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ စားသောက်ဆိုင်၊ ဧည့်လမ်းညွှန်၊ သယ်ယူပို့ဆောင်ရေး စတဲ့ လုပ်ငန်း တွေ အတွက်က ကျပ်ဘီလီယံ ၅၀ လောက် လိုအပ်နေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ခရီးသွားလုပ်ငန်းက ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှာ လိုင်စင်ရထားတာ ၄၀၀၀ လောက်ရှိပြီး လည်ပတ်နေတာက ၂၀၀၀ ဝန်းကျင်လောက် ရှိတယ်။
ဟိုတယ်ကတော့ ၈၀၀၀ - ၁၀၀၀၀ ဝန်းကျင်ကြား ရှိနေပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ ဧည့်လမ်း ညွှန်တွေက လိုင်စင်ယူထားပြီး လုပ်ကိုင်လျက်ရှိတာ ၃၀၀၀ နဲ့ ၄၀၀၀ ကြား ရှိပြီး ပုဂံ၊ အင်းဝ၊ အင်းလေး စတဲ့ နေရာတွေ မှာ လုပ်ကိုင်နေကြတဲ့ မြင်းလှည်း မောင်းသူတွေ၊ လှေမောင်းသူတွေ အနေနဲ့ကတော့ ဒီလို ချေးငွေ လျှောက်ထားမှု မရနိုင် လို့ ထိခိုက်မှုတွေ ရှိနေတာ တွေ့ရပါတယ်။

မေး ။       ။ နောက်ဆုံး အနေနဲ့ ဒီ COVID-19 ကြောင့် ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေရဲ့ အလားအလာ ဘယ်လို ရှိနိုင်ပါသလဲ။

ဖြေ ။       ။ ကျွန်တော်ရဲ့ ပုဂ္ဂလိက အမြင် သဘောထား အနေနဲ့ကတော့ အခုလက်ရှိ ခရီးသွားလုပ်ငန်းရဲ့ ၅၀ ရာခိုင်နှုန်း လောက် ခရီးသွား လောကနေ ထွက်သွားနိုင်မယ့် အခြေအနေမှာ ရှိနိုင်ပါတယ်။ ဟိုတယ် လုပ်ငန်းတွေ အနေနဲ့ကတော့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလို့ ဝန်ထမ်း လျှော့ချတာတွေ၊ ဈေးနှုန်း လျှော့ချတာတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly