ကိုလိုနီခေတ် အင်ဒိုနီးရှားတွင် ဖြစ်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် နယ်သာလန်အစိုးရဘက်က လျော်ကြေးပေးရန် တရားရုံးက အမိန့်ချ

By Guardian
03 April 2020
ကိုလိုနီခေတ် အင်ဒိုနီးရှားတွင် ဖြစ်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် နယ်သာလန်အစိုးရဘက်က လျော်ကြေးပေးရန် တရားရုံးက အမိန့်ချ

ဧပြီ ၃

၁၉၄၀ ပြည့်နှစ်အလွန်က အင်ဒိုနီးရှားတွင် ဖြစ်ပေါ်ခဲ့သည့် ကိုလိုနီခေတ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကြောင့် ထိခိုက်နစ်နာခဲ့သူများအား နယ်သာလန်အစိုးရဘက်က လျော်ကြေးပေးရမည်ဖြစ်ကြောင်း The Hague တရားရုံးက အမိန့်ချမှတ်လိုက်သည်။

ယခု တရားရုံးအမိန့်ချမှတ်မှုအပေါ် ကျေနပ်ဝမ်းသာမိကြောင်း အထက်ပါ အစုအပြုံလိုက်သတ်ဖြတ်မှုကြောင့် ထိခိုက်နစ်နာခဲ့သူတစ်ဦးဖြစ်သည့် အသက် ၈၃ နှစ်ရှိ အန်ဒီ မွန်ဂျီ အမည်ရ အင်ဒိုနီးရှား အမျိုးသားတစ်ဦးက ပြောသည်။ မွန်ဂျီသည် ဆယ်နှစ်သားအရွယ်က ၎င်းဖခင်ဖြစ်သူအား ဒက်ချ် စစ်သားတစ်ဦးက ကွပ်မျက်နေသည်ကို မျက်ဝါးထင်ထင် ကြည့်ရှုမြင်တွေ့ခဲ့ရသူလည်း ဖြစ်သည်။

၎င်း၏ ဇာတ်လမ်းကို တရားရုံးသို့ ပြောပြရန် နယ်သာလန်အထိ လာရောက်ခဲ့သော မွန်ဂျီသည် ယခု တရားရုံးဆုံးဖြတ်ချက်ကြောင့် လျော်ကြေးငွေ ယူရို ၁၀,၀၀၀ (ပေါင် ၉,၀၀၀) ရရှိခဲ့သည်။ ထို့ပြင် အခြားသော သတ်ဖြတ်ခံ အမျိုးသားများ၏ ကျန်ရစ်သူ အမျိုးသမီး (မုဆိုးမ) ရှစ်ဦးနှင့်သားသမီး သုံးဦးတို့သည်လည်း ဝင်ငွေ ဆုံးရှုံးခဲ့မှုအတွက် လျော်ကြေးငွေ ယူရို ၁၂၃ ဒသမ ၄၈ နှင့် ယူရို ၃,၆၃၄ အကြား ရရှိခဲ့ကြသည်။

ယခု ဖြစ်စဉ်ကိစ္စများသည် လွန်ခဲ့သည့် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလနှင့် ၁၉၄၇ ခုနှစ် ဧပြီလအကြား အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီ တောင်ပိုင်း ပြည်နယ်တွင် စစ်သားများက အမျိုးသားများကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ် သက်နေသည်။ ယင်းအချိန်က ဒက်ချ် အာဏာပိုင်တို့သည် လွတ်လပ်ရေးအပေါ် ဖိနှိပ်ချုပ်ချယ်မှုအဖြစ် “သုတ်သင်ရှင်းလင်းရေး လုပ်ဆောင်မှုများ”ကို လုပ်ဆောင်ခဲ့သည့် ကာလဖြစ်သည်။

ကြုံသလို လက်တန်း ကွပ်မျက်သတ်ဖြတ်ခြင်းများအပါအဝင် ဒက်ချ်စစ်သားများ၏ မလျော်ကန်မိုက်မဲသည့် လုပ်ရပ်များကြောင့် အမျိုးသား ၁၁ ဦး အသတ်ခံရခဲ့ရကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။ အမျိုးသားတစ် ဦးဆိုလျင် သေနတ်ဖြင့် ကြုံရာ ကျပန်း အပစ်ခံခဲ့ရသည်။

မွန်ဂျီ၏ ဖခင်သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က Suppa အမည်ရ ရွာကလေးတွင် သတ်ဖြတ်ခံခဲ့ရသည်။ ယင်းနေ့တစ်နေ့တည်းမှာပင် အမျိုးသား အယောက် ၂၀၀ ကျော်တို့ ဒက်ချ်စစ်တပ်၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည် ဟု ယုံကြည်ရသည်။

ယနေ့ထက်ထိ Suppa ရွာလေးတွင် နေထိုင်ဆဲဖြစ်သော မွန်ဂျီက “တရားရုံးက ဆုံးဖြတ်ချက်အတွက် ကျေနပ်ပါတယ်၊ ဒက်ချ်စစ်တပ်က ကျွန်တော့်အဖေကို အသားကုန်ရိုက်နှက်ပြီး ကွပ်မျက်ဖို့ လုပ်တာကို ကျွန်တော့်ကို အ တင်းကြည့်ခိုင်းခဲ့ပါတယ်၊ အဲဒီအချိန်တုန်းက ကျွန်တော် ငိုပဲ ငိုနေမိပါတယ်၊ အဲဒီတုန်းက ကျွန်တော့်အသက်က ဆယ်နှစ်ပဲ ရှိပါသေးတယ်” ဟု ပြောသွားခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဒက်ချ် ကိုလိုနီတစ်ခုဖြစ်သော Dutch East Indies ကို ဂျပန်တို့က သိမ်းပိုက်ခဲ့သည်။ ယင်းနောက် ဂျပန်တို့ လက်နက်ချပြီးနောက် အင်ဒိုနီးရှား အမျိုးသားခေါင်းဆောင်များဖြစ်ေသာ ဆူကာနိုနှင့် ဟတ်တာတို့က ၁၉၄၅ ခုနှစ် သြဂုတ် ၁၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးကို ကြေညာခဲ့သည်။

ယင်းနောက်ပိုင်း လေးနှစ်အကြာတွင် နယ်သာလန်တို့သည် နှစ်ပေါင်း ၃၅၀ ကြာ ယင်းတို့၏ ကိုလိုနီအုပ်ချုပ်ရေးကို အသက်သွင်းရန် ကြိုးပမ်းခဲ့ပြီး ရံဖန်ရံခါ ရိုင်းစိုင်းစက်ဆုပ်ဖွယ်ရာ နည်းလမ်းများ အသုံးပြုခဲ့သည်။

အဆိုပါ လုပ်ရပ်များ ကျူးလွန်ခဲ့ပြီးနောက် အချိန်ကာလကြာမြင့်သွားခဲ့သည့်အတွက် ပြောဆိုစွပ်စွဲချက်များသည် ရမ်းသန်းပြောဆိုမှုများ ဖြစ်ကြောင်း နယ်သာလန်က ငြင်းခုံခဲ့သေးသည်။

“ တရားရုံး ဆုံးဖြတ်ချက်အတွက် ကျေနပ်အားရပါတယ်၊ တရားစွဲဆိုမှုက အချိန် ရှစ်နှစ်လောက် ကြာသွားခဲ့တုန်းက လွယ်တော့မလွယ်ခဲ့ဘူးပေါ့၊ တရားစွဲဆိုမှုကာလအတွင်း အမှုသည်အများအပြား ကွယ်လွန်သွားခဲ့သလို နယ်သာလန်အစိုးရကလည်း သိပ်ပြီး ဟက်ဟက်ပက်ပက် မရှိခဲ့တာကတော့ ဝမ်းနည်းစရာပါ၊ ဘာပဲဖြစ်ဖြစ် ခုထိ အသက်ရှင်နေဆဲဖြစ်သူတွေ၊ မိသားစုဝင်တွေအားလုံးအတွက်ကတော့ သူတို့ထိခိုက်ခံစားခဲ့ရတာတွေကို အသိအမှတ်ပြုပြီး သူတို့ လျော်ကြေးခံစားခွင့်ရသင့်ဆိုပြီး တရားရုံးဘက်က ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်” ဟု တရားလို ရှေ့နေ Liesbeth Zegveld က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required