ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အတိုင်းအတာကို ဖုံးကွယ်တယ်လို့ အမေရိကန် စွပ်စွဲချက်အပေါ် တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အတိုင်းအတာကို ဖုံးကွယ်တယ်လို့ အမေရိကန် စွပ်စွဲချက်အပေါ် တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်

ဧပြီ ၃

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အတိုင်းအတာကို ထိန်ချန်ဖုံးကွယ်တယ်လို့ အမေရိကန်နိုင်ငံရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ၊ သေဆုံးသူ နှုန်းထားနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံဟာ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် အကောင်းဆုံး လုပ်ဆောင်လျက်ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကြာသပ တေးနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ အမျိုးသမီး ဟွာချွမ်ယင်းက ပြောပါတယ်။

တရုတ်နိုင်ငံဟာ သတင်းအချက်အလက်တွေကို ထိန်ချန်ဖုံးကွယ်တယ်လို့ စွပ်စွဲကြတဲ့ အမေရိကန်နိုင်ငံရေးသမားတွေဟာ အကျင့်သိက္ခာမရှိတဲ့ အရှက်ကင်းမဲ့သူတွေ ဖြစ်တယ်လို့ ဟွာချွမ်ယင်းက ထပ်လောင်းပြောပါတယ်။

အမေရိကန်လွှတ်တော်အမတ်တွေက ထောက်လှမ်းရေးအစီရင်ခံစာတစ်ရပ်ကို ကိုးကားပြီး တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် အမှန်ဖြစ်ပွားနှုန်းကို ထိန်းချုပ်ဖုံးကွယ်ထားတယ်လို့ စွပ်စွဲကြပြီးနောက်မှာ သမ္မတ ဒေါ်နယ်ထရမ့် ကလည်း တရုတ်နိုင်ငံက တရားဝင်ထုတ်ပြန်တဲ့ နှုန်းထားအပေါ် သံသယရှိတဲ့ သဘောမျိုး ဆိုခဲ့ပါတယ်။

“သူတို့ ထုတ်ပြန်တဲ့ နှုန်းထားတွေ မှန်လားဆိုတာကို ကျွန်တော်တို့ ဘယ်လို သိနိုင်မှာလဲ။”လို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ထရမ့်က မေးခွန်းထုတ်ရင်း “သူတို့ရဲ့ ကိန်းဂဏန်းတွေဟာ အမှန်နဲ့တော့ နည်းနည်း ကွာဟ လောက်ပုံ ရှိပါတယ်။”လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ တင်းတင်းကြပ်ကြပ် အဝင်အထွက်ပိတ် lockdown ချခဲ့ပေမယ့် ပြည်တွင်းနဲ့ ပြည်ပက ပြန်လာသူတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းထားကို ဖော်ပြရာမှာတော့ တော်တော်များများက အယုံအကြည် ကင်းမဲ့လျက် ရှိပါတယ်။ တရုတ်အစိုးရဟာ ဗိုင်းရပ်စ်ကေ့စ်နဲ့ ပတ်သက်ပြီး ရေတွက်တဲ့ နည်းလမ်းကိုလည်း အကြိမ်ကြိမ် ပြောင်းလဲခဲ့ပါတယ်။

ဟူပေးပြည်နယ်က သုဿန်တွေ အပြင်ဖက်မှာ အရိုးအိုးတွေ ထောင်ပေါင်းများစွာ စုပုံရှိနေတာကလည်း တရုတ်နိုင်ငံရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအပေါ် ပြည်သူတွေက သံသယဖြစ်စေပါတယ်။

ခုလို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အများပြည်သူဆီ ထုတ်ပြန်ချက်တွေအပေါ်မှည သံသယဝင်တာဟာ တရုတ်တစ်နိုင်ငံတည်း မဟုတ်ဘဲ အီရန်၊ ရုရှ၊ အင်ဒိုနီးရှားနှင့် အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိဘူး ဆိုထားတဲ့ မြောက်ကိုရီးယားတို့ကိုလည်း အနောက်အုပ်စုက တာဝန်ရှိသူများက ထောက်ပြလျက် ရှိနေပါတယ်။

ဆော်ဒီအာရေဗျနဲ့ အီဂျစ်အပါအဝင် အခြားနိုင်ငံတွေဟာလည်း ကူးစက်သေဆုံးနှုန်းများကို လျှော့ချထုတ်ပြန်ဖွယ်ရှိတယ်လို့ သံသယတွေ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required