၂၀၂၀ အတ္တလန်တိတ် ဟာရီကိန်း ရာသီတွင် အဓိက ဟာရီကိန်းမုန်တိုင်းကြီး ၄ ခု ဖြစ်ပေါ်တိုက်ခတ်နိုင်ဟု ခန့်မှန်း

၂၀၂၀ အတ္တလန်တိတ် ဟာရီကိန်း ရာသီတွင် အဓိက ဟာရီကိန်းမုန်တိုင်းကြီး ၄ ခု ဖြစ်ပေါ်တိုက်ခတ်နိုင်ဟု ခန့်မှန်း

ဧပြီ ၃

၂၀၂၀ အတ္တလန်တိတ် ဟာရီကိန်း ရာသီတွင် ဟာရီကိန်းမုန်တိုင်း ရှစ်ခု အပါအဝင် အမည်ပေးထားသည့် မုန်တိုင်း ၁၆ ခု ဖြစ်ပေါ်တိုက်ခတ်နိုင်သည်ဟု ကော်လိုရာဒါ ပြည်နယ် တက္ကသိုလ်မှ ပညာရှင်များက ဧပြီ ၂ ရက်တွင် ထုတ်ပြန်သည့် အစောပိုင်း ခန့်မှန်းချက်များအရ သိရသည်။

ဟာရီကိန်းမုန်တိုင်း လေးခုသည် အဆင့် ၃ မှ ၅ အထိ ရှိသော အဓိက မုန်တိုင်းကြီးများ ဖြစ်လာမည် ဖြစ်ကာ အမြင့်ဆုံး လေတိုက်နှုန်း အနည်းဆုံး တစ်နာရီ ၁၁၁ မိုင်အထိ ရှိမည်ဟု သိရသည်။

ဇွန်လ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အကြာ ရာသီအတွက် အဆိုပါ ခန့်မှန်းချက်များကို ပြုလုပ်ခြင်း ဖြစ်သည်။

အမေရိကန် ကမ်းရိုးတန်းတစ်လျှောက် ၂၀၂၀ ပြည့်နှစ်အတွင်း အဓိက ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုထက်မနည်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်သည့် အလားအလာသည် ၆၉ ရာခိုင်နှုန်း ရှိနေပြီး နောက်ဆုံး ရာစုနှစ်က ပျမ်းမျှ ၅၂ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်နိုင်ကြောင်း သုတေသီများက ပြောသည်။

ယခုနှစ်တွင် အမေရိကန်တွင် ဟာရီကိန်း မုန်တိုင်း အနည်းဆုံး တစ်ခု ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်ခြေ အလားအလာက ၉၅ ရာခိုင်နှုန်း (ပျမ်းမျှအားဖြင့် ၈၄ ရာခိုင်နှုန်း)  ရှိနေကြောင်း သိရသည်။

“ အဓိက ဟာရီကိန်း မုန်တိုင်း လေးခု ဒါမှမဟုတ် လေးခုထက် ကျော် ခဲ့တဲ့ နောက်ဆုံး ရာသီကတော့ စံချိန်တင် ထိခိုက်ပျက်စီးမှုတွေဖြစ်စေခဲ့တဲ့ ၂၀၁၇ ရာသီဖြစ်ပါတယ်၊ အဲဒီရာသီတုန်းက ဟာရီကိန်း ဟာဗေး၊ အိုင်မာနဲ့ မာရီယာတို့ တိုက်ခဲ့ပါတယ်” ဟု CNN မိုးလေဝသပညာရှင် ဘရန်ဒန် မေလာက ပြောသည်။ “အားလုံးကတော့ အမေရိကန်နဲ့ ကာရစ်ဘီယံမှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

အတ္တလန်တိတ် ချိုင့်ဝှမ်းတွင် အဆိုပါနှစ်က အဓိက ဟာရီကိန်း ခြောက်ခု ဖြစ်ပေါ်ခဲ့သည်။ ရာသီအလိုက် ပျမ်းမျှပမာဏသည် ဟာရီကိန်း ခြောက်ခုအပါအဝင် အမည်ပေးထားသည့် မုန်တိုင်း ၁၂ ခု ဖြစ်သည်။

မုန်တိုင်းများ မည်သည့် နေရာသို့ ဝင်ရောက်တိုက်ခတ်နိုင်သည် ဆိုသည်နှင့် မည်သည့် နေရာတစ်ခုတွင် မုန်တိုင်းဝင်နိုင်ခြေ နည်းပါးသည်ဆိုသည်နှင့်ပတ်သက်၍ ယခုခန့်မှန်းချက်များက တိတိကျကျ ခန့်မှန်းသွားခဲ့ခြင်း မရှိပေ။

“ကမ်းရိုးတန်းနေ ဒေသခံတွေကိုတော့ ဒီရာသီမှာ ဟာရီကိန်းမုန်တိုင်းတစ်ခု ပင်လယ်ကနေ ကုန်းတွင်းပိုင်း ဝင်လာမယ့်အပေါ် သတိရှိကြဖို့ကိုပဲ သတိပေးထားပါတယ်” ဟု သုတေသီများဖြစ်သော ဖိလစ် ကလော့ဇ်ဘက်ချ်၊ မိုက်ကယ် အမ်ဘဲလ်နှင့် ဂျော်ဒန် ဂျုံးစ်တို့က ၎င်းတို့၏ အစီရင်ခံစာထဲတွင် ရေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly