King ပေါက်စီဆိုင်က မိန်းကလေးတစ်ဦး စောင့်ကြည့်လူနာအဖြစ် ဆေးရုံတက်နေရ

King ပေါက်စီဆိုင်က မိန်းကလေးတစ်ဦး စောင့်ကြည့်လူနာအဖြစ် ဆေးရုံတက်နေရ
ပုံ- အလုံမြို့နယ်ထဲက COVID-19 ကာကွယ်ရေး စားသောက်စရာများကို ဖုန်းဆက်မှာယူနိုင်ကြောင်း ကြေညာထား (ပုံ- ဟိန်းသက်ဦး မဇ္ဈိမ)

ရန်ကုန်၊ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ဓမ္မာရုံလမ်းထိပ်ရှိ King ပေါက်စီဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မိန်းကလေး တစ်ဦး ရုတ်တရက်လဲကျသွားသည့်အတွက် COVID-19 ရောဂါပိုး ရှိ/ မရှိ စောင့်ကြည့်ရန် လူနာအဖြစ် ဆေးရုံတက် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ အသက် ၁၉ အရွယ်ရှိပြီး ဖြစ်ပြီး ဧပြီ ၂ ရက်နေ့ ညပိုင်းက ရုတ်တရက် လဲကျသွားခြင်း ဖြစ်ပြီး ယခု အခါမှာတော့ ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး COVID-19 ရောဂါပိုး ရှိ/မရှိ စောင့်ကြည့်နေကြောင်း စမ်းချောင်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါ်မိမိခိုင်က ပြောသည်။

ဒေါ်မိမိခိုင်က “ကျွန်မတို့ သိတာက မနက်ကအထိ ကောင်းတယ်၊ ညနေ ပြန်သွားတယ်။ ဂျူတီ ပြန်ချိန်းဖို့ အတွက်ကို ရေချိုးတယ်၊ ခေါင်းလျှော်တယ်။ အဲ့ဒါပြီးတာနဲ့ သူနည်းနည်း ဖျားချင်လာတယ်လို့ ပြောတယ်။ အဲ့ဒါနဲ့ သူ့မန်နေဂျာကို လှမ်း အကြောင်းကြားတော့ ဆေးခန်းပြပေးမယ် ပြောတယ်။ သူတို့ အဖော်နှစ်ယောက်နဲ့ လာတယ်။ လာတဲ့အခါမှာ မူးတယ် ဆိုပြီးတော့ လဲကျတယ်”ဟု ပြောသည်။

လက်ရှိ ထိုမိန်းကလေးမှာ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်းမာရေး အခြေအနေမှာ စိုးရိမ်စရာ အခြေအနေ မဟုတ်ကြောင်း ဒေါ်မိမိခိုင်က ပြောသည်။

“ဒီကလေးမလေးကို ကျွန်မတို့ အနောက်ပိုင်းဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် လက်ခံကုသထားပါတယ်။  အခု လက်ရှိ အနေအထား ကတော့လေ အခြေအနေက ကောင်းတယ်လို့ပြောတယ်။ လောလောဆယ်သူတို့ ဓာတ်ခွဲ အဖြေ ကတော့ ကြေညာမှ သိရမှာ။ လိုအပ်တဲ့ ကုသမှုတွေတော့ သူတို့လုပ်နေတယ်။ ဓာတ်ခွဲစစ်ဆေးတဲ့ ကိစ္စလည်း သူတို့ ဆက်လုပ်နေတယ်ပေါ့။ အဲ့ဟာတွေကတော့ အဖြေထွက်လာမှ သိမှာပဲလေ” ဟု ပြောသည်။

ယခုလို ဖြစ်ပြီးနောက် ယနေ့ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းမှာပဲ King ပေါက်စီဆိုင်က ကျန်ဝန်ထမ်းများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆိုင်ကို ယာယီပိတ်ထားသည်ဟု King ပေါက်စီဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကောင်မလေးက သက်သာတယ်လို့တော့ ကြားတယ်။ ဒီနေ့လည်း ညီမတို့ဆိုင်မှာ ကျန်ခဲ့တဲ့ ဝန်ထမ်းတွေကို ကျန်းမာရေး စစ်ဆေးလာတယ်။ အပူချိန်တွေ ဘာတွေ တိုင်းတယ်။ ဘာမှ ထွေထွေထူးထူး မရှိဘူး။ အခုညီမတို့က အဆောင်မှာ ဆိုင် ကတော့ သန်ဘက်ခါ(ဧပြီ ၅ ရက်)မှာ ပြန်ဖွင့်ခွင့်တော့ ပေးထားတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိစောင့်ကြည့်လူနာအဖြစ်ထားထားတဲ့ အသက် ၁၉နှစ်အရွယ် မိန်းကလေးအနေနဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီး သူအလုပ်လုပ်သည့်ဆိုင် ပြန်ဖွင့်မှသာ ဆေးရုံကနေဆင်းရမည်ဟု ကင်းပေါက်စီဆိုင်ရဲ့ တာဝန်ရှိသူထံမှသိရသည်။

သို့သော်ရန်ကုန်အနောက်တိုင်းဆေးရုံကြီးက ဒေါက်တာပြည့်ဖြိုးကျော်က စမ်းသပ်စစ်ဆေးခဲ့ရာ COVID-19ရောဂါ သံသယလူနာအဖြစ်လက်ခံထားရှိပြီး သီးသန့်အဆောင်တွင်ထားရှိကာ လိုအပ်သော ဆေးဝါးများကုသပေး လျှက်ရှိပြီး ထိုမိန်းကလေးကို ၁၄ရက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်၊ ဧပြီ ၂ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း အယောက် ၂၀ ရှိကြောင်း၊စောင့်ကြည့်လူနာ ၆၄၂ ဦး အပါအဝင် သံသယလူနာ ၂ ဦး၊ ရောဂါပိုး မတွေ့ရှိသူ ၅၃၄ ဦး၊ ဓာတ်ခွဲ အဖြေစောင့်ဆိုင်းဆဲ ၉၀ ဦးတို့ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ရောဂါပိုး ၂၀ ရှိသူများအနက် တစ်ဦးမှာ မတ်လ ၃၁ ရက်က ၎င်းတွင်ရှိသော အခံရောဂါဖြင့် သေဆုံးသွားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required