COVID-19 အတည်ပြုလူနာ နံပါတ် ၄ အား တတိယအကြိမ် စစ်ဆေးရာ ရောဂါပိုး မတွေ့ကြောင်းပြဟုဆို

COVID-19 အတည်ပြုလူနာ နံပါတ် ၄ အား တတိယအကြိမ် စစ်ဆေးရာ ရောဂါပိုး မတွေ့ကြောင်းပြဟုဆို
 ပုံ- COVID-19 ကာကွယ်ရေး ဆေးဖြန်းနေစဉ် (ပုံ- သူရ မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၃ ရက်

မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ်(ခေါ်) COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း အတည်ပြု ထုတ်ပြန် ထားသည့် လူနာ နံပါတ် ၄ အမျိုးသားအား  တတိယအကြိမ်မြောက် ဆေးပြန်စစ်ဆေးရာတွင် negative ဖြစ်နေ‌ကြောင်း  မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က မဇ္ဈိမသို့ ပြောသည်။

ထိုလူနာသည် အခုလက်ရှိတွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်နေကာ အောက်ဆီဂျင် လွတ်သွားပြီ ဖြစ်ကြောင်း သိရသည်။

မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က "ဟုတ်တယ်၊ မနေ့က(ဧပြီလ ၂ ရက်) ထွက်တဲ့ အဖြေထဲမှာ တတိယအကြိမ် စစ်ဆေးမှုပေါ့။ ပထမက positive ဒုတိယအကြိမ်လည်း positive (ရောဂါပိုး တွေ့) အခု တတိယအကြိမ်မှာ negative (ရောဂါပိုး မတွေ့)ပြတယ်"ဟု ပြောသည်။

နံပါတ် ၄ လူနာသည် အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ မတ် ၁၉ ရက်က ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ နံပါတ် ၄ လူနာသည် မန္တလေးသို့ မသွားမီအမေရိကန်နိုင်ငံမှ ပြန်လာသည့် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် တစ်ညအိပ် နေထိုင်ခဲ့ပြီးနောက် မန္တလေးမြို့သို့ မတ်၂၀ ရက်က ညကားဖြင့်ရောက်ရှိခဲ့သည်။

ထို့နောက် မတ် ၂၂ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာများ ခံစားရသဖြင့် မန္တလေးဆေးရုံကြီး တွင် ဆေးကုသရန် ပြသစဉ် COVID-19  စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ကန်တော်နဒီဆေးရုံမှာ ကုသမှု ဆက် လက် ခံယူခဲ့ရာ မတ်လ ၂၇ ရက်တွင် ၎င်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 positive လူနာ နံပါတ် ၄ အဖြစ် အတည်ပြု ကြေညာခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ ဧပြီ ၂ ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါပိုး ကူးစက်ခံထားရသည့် လူနာ စုစုပေါင်း ၂၀ ဦးရှိပြီး ထိုအထဲမှ မတ်လ ၃၁ ရက်က လူနာတစ်ဦးမှာ မူလအခံ ရောဂါဖြင့် သေဆုံးသွားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly