COVID-19 ဖြစ်နေချိန် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် UNA တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၃ရက်

ကမ္ဘာ့ကပ်ရောဂါဖြစ်သော COVID-19 ခြိမ်းခြောက်နေသည့် အခြေအနေမျိုးတွင် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)နှင့် မိတ်ဖက် အဖွဲ့အစည်းများက ဧပြီလ ၂ ရက်တွင် သဘောထား ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

ပြည်ထောင်စုအစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ စတင်ကာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ၍ အင်အားစု အသီးသီးနှင့် လက်တွဲကာ လက်ရှိ ရင်ဆိုင်နေရသည့် ကပ်ရောဂါအား ကာကွယ်တိုက်ဖျက်ကြရန် UNA နှင့် မိတ်ဖက်များက ပန်ကြား ထားသည်။

UNA မှ ပြောရေးဆိုခွင့်ရှိသူ ဦးငွေလင်းက " အဓိကကတော့ တစ်ကမ္ဘာလုံးမှာ COVID-19 နဲ့ပတ်သက်လို့ အင်မတန် ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ကာလဖြစ်တယ်။ အဲ့လို ကာလမျိုးမှာ ဒီစစ်ပွဲတွေ ရှိနေတာက အထူးသဖြင့် ရခိုင်ဒေသနဲ့ ချင်းဒေသက ပြည်သူတွေ ကျီးလန့်စာ စားနေရတဲ့အဖြစ်က မသင့်တော်ဘူးလို့ ကျွန်တော်တို့ယူဆပါတယ်။ နောက်ဆုံး update သတင်းတွေကို သေသေချာချာရရှိဖို့ အထူးတလည် လိုအပ်နေတဲ့ အချိန်မျိုးမှာ အင်တာနက်တွေ ပိတ်ထားတဲ့ ကိစ္စကလည်း မသင့်လျော်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲ့ဒါကြောင့် အင်တာနက်တွေ ပိတ်ဖို့ရယ် အပစ်အခတ်ကိစ္စတွေ စစ်ပွဲ ကိစ္စတွေကို ချက်ချင်း ရပ်စဲပေးဖို့ မေတ္တာရပ်ခံ တိုက်တွန်းတာ ဖြစ်ပါတယ်"ဟု ပြောသည်။

ယခုကဲ့သို့ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် စစ်ပွဲများ ဖြစ်နေသည်မှာ မသင့်တော်ကြောင်း၊ ထိုရောဂါကြောင့် နေ့ သေမလား၊ ည သေမလား စိုးရိမ်စရာ ဖြစ်နေချိန်တွင် ဗုံးများကြဲ၊ ရွာများမီးလောင်၊ စက်သေနတ်နှင့်ပစ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ် နေကြခြင်းမှာ ထိုဒေသရှိ ပြည်သူများအတွက် နစ်နာကြေကွဲဖွယ်ဟု မြင်မိကြောင်း ၎င်းက ဆိုသည်။

UNA မှ အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဦးမျိုးကျော်က COVID-19 ကြောင့် အိမ်မှာ နေခိုင်းနေသည့် အချိန်၌ ရွာများတွင် မီးရှို့ကာ ပြည်သူများ နေထိုင်၍ မရ အောင် တိုက်ပွဲများ ဖြစ်ပွားနေကြသည့်အတွက် ယခုအချိန်တွင် တိုက်ပွဲများ ရပ်တန့်သင့်ကြောင်း ပြောသည်။

"အတော်လေးတော့ စိတ်မကောင်းဖြစ်တယ်။ အကုန်လုံး Stay at home လုပ်ပြီး အိမ်မှာ နေခိုင်းနေတဲ့အချိန်မှာ အထူး သဖြင့် ရခိုင်ဒေသ၊ ချင်းပြည်နယ် ဒီနေရာတွေမှာတော့ သူတို့နေထိုင်စရာ အိုးအိမ်တွေကို ဖျက်ဆီးနေတယ်။  ဒီလိုပဲ အိမ်ထဲမှာ နေနေရတဲ့ အခါမှာလည်း မလုံခြုံဘဲ နေနေရတယ်။ ဒီဟာမျိုးတော့ မဖြစ်သင့်ဘူးပေါ့"ဟု ၎င်းက ပြောသည်။

  • ပုံ -    တိုက်ပွဲရှောင်သူများ နေရပ်စွန့်ခွာသွားနေကြစဉ်(ပုံ-AFP)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း မတ်လ ၂၆ ရက်က ထုတ်ပြန် တိုက်တွန်း ထား သည်။

လက်ရှိတွင် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ပိုလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ တူရကီ စသည့် မြန်မာနိုင်ငံဆိုင်ရာ သံ အမတ် ၁၅ ဦးတို့ကလည်း ဧပြီ ၁ ရက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန် ထုတ်ပြန် တောင်းဆိုခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ကလည်း ကမ္ဘာအရပ်ရပ်ရှိ လက်နက်ကိုင်အဖွဲ့ အစည်းများ အပစ်အခတ်ရပ်စဲကြရန် မတ်လ ၂၃ ရက် တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နှင့် AA ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင် ကာ ယနေ့ (၂၀၂၀ ခုနှစ်၊ ဧပြီလ)အချိန်ထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ထိုတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင် ၁၀၀၀၀၀ (တစ်သိန်း)ကျော် ရှိပြီး ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းမှာ တိုက်ပွဲရှောင် ၃၀၀၀ (သုံးထောင်)ဝန်းကျင်ရှိသလို အရပ်သားများ သေဆုံး ထိခိုက် ဒဏ်ရာရရှိမှု များလည်း ရှိခဲ့ကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required