လောကဓံကို ဘာလို့ အရှုံးပေးရမှာလဲ

လောကဓံကို ဘာလို့ အရှုံးပေးရမှာလဲ

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

နေ့စဉ်လူနေမှုဘဝမှာ စိတ်ဖိစီးမှုတွေ၊ လူမှုဘဝအခက်အခဲတွေ၊ မိသားစုအဆင်မပြေမှုတွေနဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးပြဿနာတွေဟာ ကြုံတွေ့ရနေကြ လောကဓံတရားတွေဖြစ်ပါတယ်။ ဒီလိုရုံးကန်လှုပ်ရှားနေရတဲ့ဘဝထဲမှာ ပင်ပန်းဆင်းရဲမှုဒါဏ်တွေ၊ နာမကျန်းမှု ဝေဒနာတွေနဲ့ ပြင်းထန်လှတဲ့ စိတ်ဖိစီးမှုတွေကို မတွန်းလှန်နိုင်ကြတော့တဲ့သူတွေဟာ ရှိနေတဲ့ လူ့ဘဝကို စွန့်ခွာပြီး ကိုယ်လွတ်ရုံးဖို့ ကြိုးစားကြလေ့ရှိပါတယ်။

WHO ရဲ့ အချက်အလက်တွေအရ ဒီကနေ့ ကမ္ဘာပေါ်မှာ စက္ကန့် ၄၀ ကို လူတစ်ဦးနှုန်း မိမိကိုယ်ကို သေကြောင်းကြံစည်နေကြပါတယ်။ ဆိုလိုတာက တစ်နှစ်ကို လူပေါင်း ၈ သိန်းခန့် ကိုယ့်ကိုယ်ကို သတ်သေနေကြတဲ့ သဘောဖြစ်ပါတယ်။ အဲ့ဒီထဲက ၇၉% ဟာ တစ်ဦးချင်းဝင်ငွေနည်းပါးတဲ့ (ဒါမှမဟုတ်) ဝင်ငွေအလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့အချက်ကတော့ သေဆုံးသူတေါရဲ့ ပျမ်းမျှ အသက်အရွယ်ဟာ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ်အကြား အသက်အရွယ်မှာဖြစ်ပွားနေကြတာပါပဲ။

မြန်မာနိုင်ငံမှာလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေ အကြာခဏဖြစ်ပွားနေတာကို ကြားသိနေရပါတယ်။ အများစုသော အဖြစ်အပျက်တွေဟာ မိသားစုစားဝတ်နေရေးနဲ့ သက်ဆိုင်နေကြတာမို့ တိုင်းပြည်ဆဲရဲမွဲတေနေမှုဟာ အခြေခံလူတန်းစားတွေရဲ့ လူမှုဘဝအပေါ် ပြင်းထန်တဲ့ ဖိအားတွေဖြစ်နေစေတယ်လို့ မှတ်ယူရပါတယ်။

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး စိတ်ဝေဒနာတွေထဲမှာ စိတ်ကျဝေဒနာ (Depression) ဟာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ဒီရောဂါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေနဲ့ အများဆုံးဆက်စပ်မှုရှိတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ တခြားမြန်မာနိုင်ငံမှာ အဖြစ်များတဲ့ စိတ်ဝေဒနာတွေကတော့ စိတ်ကြွ စိတ်ကျရောဂါ (Bipolar Disorder) ၊ စိတ်ပူပန်မှုရောဂါ (Anxiety Disorder) ၊ စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) ၊ အသိမှတ်ဉာဏ်လျော့ပါးလာသည့်ရောဂါ (Dementia) နဲ့ အရက်၊ မူးယစ်ဆေးစွဲရောဂါ (Alcohol & Substance Misuse Disorder) တွေပါပဲ။
မူလအကြောင်းတရား သို့မဟုတ် စိတ်ဝေဒနာ

စိတ်အားငယ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုတာဟာ စိတ်ရောဂါလက္ခဏာတွေပါ။ စိတ်ဖိစီးမှုဟာ ဖြစ်နိုင်ချေအမြင့်ဆုံး စိတ်ဝေဒနာတွေထဲမှာ ပါဝင်နေပြီတော့ တစ်ချို့ဝေဒနာရှင်တွေဟာ သူတို့မှာ ဒီဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ဖိစီးမှုဝေဒနာခံစားရလေ့ရှိပါတယ်။

စိတ်ဖိစီးမှုများပြီး စိတ်အားငယ်တာဟာ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ အဖြစ်များ စိတ်ဖိစီးမှုဝေဒနာ (Major Depression) ၊ နာတာရှည် စိတ်ဖိစီးမှု (Dysthymia) ၊ ချွင်းချက်ဖြင့်ဖြစ်ပေါ်သော စိတ်ဖိစီးမှု (Atypical Depression) ၊ Postpartum Depression ၊ အာရုံထွေပြား စိတ်ဖိစီးမှု (Bipolar Depression) ၊ ပြင်းထန်စိတ်ဖိစီးမှု (Psychotic Depression) ၊ ရာသီအလိုက်ဖြစ်တဲ့ စိတ်ဖိစီးမှု (Seasonal Depression/SAD) ၊ ဆေးယဉ်ပါး စိတ်ဖိစီးမှု (Treatment-Resistant Depression) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဆိုပါ ရောဂါဝေဒနာတွေ ကိုယ့်မှာ ရှိနေသလားဆိုတာကို ကြိုတင်သတိထား စောင့်ကြည့်လို့ရပါတယ်။

အဆိုပါ စိတ်ဝေဒနာအားလုံးဟာ အခြေခံကျတဲ့ ရောဂါလက္ခဏာတွေကို ပြသလေ့ရှိပါတယ်။ ဒါတွေကတော့ စိတ်အားတက်ကြွမှု နည်းပါးလာတာ၊ ဆုံးဖြတ်ချက်ချမှတ်ဖို့ ခက်ခဲလာတာ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကင်းမဲ့လာတာ၊ အရာရာ အပြစ်ရှိသလို ခံစားလာရတာ၊ အလွယ်တကူ စိတ်ဆိုးဒေါသထွက်လွယ်လာတာ၊ ပူပင်သောကများလာတာ၊ အိပ်မပျော်တာ၊ ရုပ်ပိုင်းဆိုင်ရအရ နာကျင်မှုဝေဒနာများ ခံစားလာရတာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအဆင့်တွေကို ဖြတ်ကျော်ပြီးရင်တော့ ကိုယ့်ကိုယ်ကို သတ်သေလိုစိတ် ပေါ်လာမှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုလွန်ကဲလာရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့ ပြဿနာက အမြဲလိုလိုကပ်ပါလာတတ်ပါတယ်။ ဘဝဟာ နေပျော်စရာမရှိတော့ဘူးလို့ ထင်မြင်ယူဆလာပြီး ဘဝကို အဆုံးသတ်ချင်စိတ် မကြာခနပေါ်လာနေပါလိမ့်မယ်။ ဒါဟာ အရေးပါတဲ့ အဆင့်တစ်ခုဖြစ်ပြီး ခုလို ခံစားလာရပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်ပါတယ်။

နောက်ထပ် အရင်းခံတစ်ခုကတော့ စိတ်ဓာတ်ကျတာပါပဲ။ ဒီလိုတွေဖြစ်လာဖို့ တွန်းအားပေးနေတဲ့ အကြောင်းတရားတွေလည်း ရှိနေပါတယ်။ ဖြစ်နိုင်ချေအများဆုံးကိစ္စတွေကတော့ ဘဝရဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေ၊ အလှည့်အပြောင်းတွေနဲ့ ရုတ်တရက် ကြုံရတာမျိုး၊ အရက် ဒါမှမဟုတ် မူးယစ်ဆေး အလွန်အကျွံစွဲလာတာ၊ နာတာရှည် အခြားရောဂါအခံရှိနေတာမျိုး၊ ပြင်းထန်တဲ့ ပဋိဇီဝဆေးတွေ သောက်သုံးနေရတာမျိုး၊ မိသားစုဝင်တွေ ဒါမှမဟုတ် မျိုးရိုးမှာ စိတ်ဝေဒနာရှင်တွေ ရှိဖူးတာမျိုးနဲ့ ဟိုမုန်းပြောင်းလဲမှုတွေပါပဲ။

လူတစ်ယောက် စိတ်ဓာတ်ကျလာပြီဆိုရင် အမြဲလိုလို အကြောင်းမဲ့စိတ်နှလုံးညိုးနွမ်းလာမယ်၊ ဝမ်းနည်း ငိုကြွေးလွယ်လာမယ်၊ အမြဲလို မောပန်းနွမ်းနယ်နေမယ်၊ လေးလံထိုင်းမှိုင်းနေမယ်၊ အာရုံစူးစိုက်မှု လျော့နည်းလာမယ်၊ မပျော်မရွှင်ဖြစ်လာမယ်၊ အစား အအိပ်မမှန်ဖြစ်လာမယ် (မအိပ်တော့တာ၊ အလွန်အကျွံအိပ်တာ၊ အိပ်ချိန် မမှန်တော့တာ) ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးလာတာတွေဖြစ်လာမယ်၊ အနာဂတ်မျှော်လင့်ချက်ကင်းမဲ့တယ်လို့ ခံစားရလာမယ်။ ဒါတွေထဲ အတော်များများဖြစ်ပြီးရင်တော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုစိတ် ပေါ်လာမှာပါပဲဖြစ်ပါတယ်။
အမူအကျင့်တွေကို နားလည်ပါ

သာမန် စိတ်ခံစားချက်မျိုးရှိနေတဲ့ သူတိုင်းက ဘာကြောင့် သတ်သေဖြစ်သွားကြတာလဲလို့ ရိုးရိုးရှင်းရှင်း တွေးတတ်ကြတယ်။ ဒါပေမယ့် တကယ်တမ်း လေ့လာချက်တွေအရ ကိုယ့်ကိုယ်ကို သတ်သေသူအများစုဟာ ဒီလိုပြုလုပ်ဖို့ အမှန်တကယ် စိတ်ဆန္ဒမရှိကြပါဘူး။ သူတို့ရဲ့ နာကျင်မှုတွေကို တားဆီးဖို့ ဒီနည်းလမ်းသာရှိတော့တယ်လို့ စိတ်ထဲယုံကြည်သွားလို့ ရွေးချယ်လိုက်ကြတာသာဖြစ်ပါတယ်။

တကယ်လို့များ တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကို သတ်သေချင်နေပြီလို့ ဆိုလာခဲ့ရင် ဘယ်လောက်သေးမွှားတဲ့ အခြေအနေလေးပဲဖြစ်နေပါစေ သိပြုဖို့ လိုအပ်ပါတယ်။ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ မဟုတ်လောက်ပါဘူးဆိုတဲ့ အတွေးနဲ့ လျစ်လျူရှုခဲ့မယ်ဆိုရင် တကယ်ဖြစ်လာချိန်မှာ ပိုမိုနာကျင်ကြေကွဲရမှာပါ။

များသောအားဖြင့် အဆုံးစီရင်ဖို့နီးစပ်နေတဲ့ သူတွေဟာ သူတို့ရဲ့ ဖိအားတွေ၊ နာကျင်နေမှုတွေဟာ ဘယ်လောက်တောင်ဆိုးရွားနေပြီလဲဆိုတာကို ပတ်ဝန်းကျင်က ယုံကြည်ရတဲ့သူတွေဆီ ဖွင့်ဟဖို့ အနည်းဆုံး တစ်ကြိမ်တော့ ကြိုးပမ်းကြလေ့ရှိပါတယ်။ ဒီလူတွေဆီက လစ်လျူရှုမှုမျိုးခံလိုက်ရရင်တော့ သူတို့အနေနဲ့ မလျှောက်သင့်တဲ့လမ်းကို လျှောက်မိသွားကြတော့တာပါပဲ။

ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ကူးမိတဲ့လူတိုင်းနီးပါးဟာ ဖြစ်ကတတ်ဆန်း လုပ်ကြလေ့မရှိပါဘူး။ ဘယ်လိုနည်းလမ်းမျိုးနဲ့ အဆုံးစီရင်မလဲဆိုတာကို သေချာအရင်လေ့လာလေ့ရှိပါတယ်။ အမြင့်က ခုန်ချမှာလား၊ ဆွဲကြိုးချမှာလား၊ စသည်ဖြင့်ပေါ့။ နည်းလမ်းရှာဖွေကြလေ့ရှိပါတယ်။ အများစုဟာ သတ်သေချိန်မှာ သေတမ်းစာရေးထားခဲ့တာမျိုးလည်း လုပ်လေ့ရှိပါတယ်။

လက်ရှိမှာ လူမှုကွန်ယက်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Facebook ဟာ သူတို့ရဲ့ လူမှုကွန်ယက်ပလက်ဖောင်းတွေပေါ်က အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ အမူအကျင့်တွေကို မှတ်ဉာဏ်တုနည်းပညာ (AI) ကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်ထားပါတယ်။ ၂၀၁၇ ခုနှစ်မှာစတင်ခဲ့တဲ့ အဆိုပါ AI အခြေပြု ဆန်းစစ်လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကို သတ်သေချင်နေသူတွေဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မကြာခန ဖွင့်ဟဖော်ထုတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

Facebook ကတော့ သူတို့ရဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားက စိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့ လက္ခဏာတွေက ဘယ်လိုလဲဆိုတာကို သိနိုင်ဖို့ AI နည်းပညာအသုံးပြုထားတဲ့ Algorithm တွေဖန်တီးထားပြီးတော့ အဆိုပါ နည်းပညာကနေတဆင့် ဘယ်သူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေရှိနေတယ်ဆိုတာကို ဆန်းစစ်နေတာဖြစ်ပါတယ်။

လက်ရှိမှာလည်း လူမှုကွန်ယက်အသုံးပြုသူတွေအကြားက ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ဆန္ဒရှိနေသူတွေဟ ဘယ်လို အကြောင်းအရာမျိုးတွေကို ပြောဆိုရေးသားတတ်လဲဆိုတာကိုလည်း အသိပေးထားပါတယ်။ သူတို့ရဲ့ ဖော်ပြချက်တွေအရ

  •     သေချင်တယ်၊ ဒါမှမဟုတ် သတ်သေချင်တယ်လို့ ပြောဆိုရေးသားတာ
  •     တစ်စုံတစ်ရာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ
  •     အသက်ရှင်ဖို့ အကြောင်းပြချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ
  •     တစ်စုံတစ်ယောက် ဒါမှမဟုတ် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလို့ ပြောဆိုရေးသားတာ
  •     အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲမိနေတယ်လို့ ပြောဆိုရေးသားတာ
  •     မဆင်မချင်အပြုအမူမျိုးတွေ လုပ်မိမှာကို စိုးရိမ်ပူပန်နေတယ် ဒါမှမဟုတ် လှုံ့ဆော်မှုခံနေရတယ်လို့ ပြောဆိုရေးသားတာ
  •     အလွန်အကျွံ အိပ်ဖြစ်တယ် ဒါမှမဟုတ် အိပ်ချိန်နည်းပါးလွန်းနေတယ်လို့ ပြောဆိုရေးသားတာ
  •     ဆိုးရွားစွာ အထီးကျန်မှုဝေဒနာ ခံစားနေရကြောင်း ပြောဆိုရေးသားတာ
  •     ပတ်ဝန်းကျင်၊ မိသားစုစတာတွေနဲ့ တစ်သီးတစ်ခြား ခွဲခြားခံထားရတယ်လို့ ပြောဆိုရေးသားတာ
  •     #depressed ဒါမှမဟုတ် #suicidal ဆိုတဲ့ Hash Tag စာသားမျိုးနဲ့ ပို့စ်တင်တာ

ဒီလို အချက်တွေနဲ့ တိုက်ရိုက်တူညီတဲ့ ဒါမှမဟုတ် နီးနွယ်စပ်ဆက်တဲ့ အကြောင်းအရာတွေကိုဆက်တိုက် တင်နေပြီဆိုရင် အဆိုပါ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေမြင့်မားတယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့် အဲဒီလိုလူမျိုးတွေကို ပိုမိုသတိထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
ဘဝကို အရှုံးမပေးလိုက်ပါနဲ့

ကိုယ့်မှာ စိတ်ဖိစီးမှုလက္ခဏာတွေ၊ စိတ်ဓာတ်ကျဆင်းနေတဲ့လက္ခဏာတွေကို မကြာခနကြုံလာနေရပြီဆိုရင် ဒါမှမဟုတ် နေ့စဉ်ရက်ဆက်နဲ့ ရက်သတ္တပတ် ၂ ပတ်လောက် ကျွမ်းကျင်သူတွေနဲ့ အမြန်ဆုံးတိုင်ပင် ဆွေးနွေးသင့်ပါပြီ။

ဒီလိုမဟုတ်ရင်တောင်မှ မိမိကိုယ်ကို သတိကပ်ပြီး အပြောင်းအလဲတွေဖြစ်လာအောင် လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

ဒီနေရာမှာတစ်ခုရှိတာက ကျွန်တော်တို့ တိုင်းပြည်က လူအများစုဟာ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဓာတ်ကျတဲ့ ဝေဒနာတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ဖို့ရန် ဝန်လေးနေတတ်ကြပါတယ်။

လူအတော်များများက ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာဝေဒနာများကိုသာ ဆရာဝန်ဆီပြသကြပြီး ဒီလိုစိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကိုတော့ ကုသရမယ့် ဝေဒနာတစ်ခုအဖြစ် မမြင်တတ်ကြပါဘူး။ ဒီလိုဝေဒနာရှင်တွေက မိသားစုဝင်တွေ၊ မိတ်ဆွေတွေနှင့် ဆရာဝန်များကို ခံစားရတာတွေဖွင့်ပြောတိုင်ပင် အကူအညီရယူရမယ့် နည်းလမ်းမှန်ကို မစဉ်းစားမိတတ်ဘဲ အဆုံးစီရင်ခြင်းလမ်းကို ရွေးမိသွားတာမျိုးဖြစ်ပါတယ်။

နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းတွေဖြစ်ကြတဲ့ WHO နဲ့ International Association for Suicide Prevention (IASP) လို အဖွဲ့တွေရဲ့ လေ့လာချက်တွေအရဆိုရင် တစ်ချို့သော စိတ်ပင်ပန်းမှုဒါဏ်ကို ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ၂၅ ကြိမ်အထိ ကြိုးစားခဲ့ကြတယ်လို့ ဆိုထားပါတယ်။

ဒီလို အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြတာကို ပတ်ဝန်းကျင်က မသိကြဘူးဆိုတာက တကယ်သတိမမူဖြစ်တာဖြစ်နိုင်သလို၊ ဂရုစိုက်ပေးရမယ်ဆိုတာကို နီးစပ်ရာပတ်ဝန်းကျင်က နားမလည်နိုင်ကြတာလဲ ဖြစ်တတ်ပါတယ်။ တခါတရံမှာ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေကို ဒီလိုရင်နာစရာဒီလိုနည်းမျိုးနဲ့ လက်လွှတ်ဆုံးရှုံးနေကြရတာဖြစ်ပါတယ်။

စိတ်ရောဂါတွေက အမျိုးအစား အမျိုးမျိုးရှိပေမယ့် စကားပြောကုသနည်း (Psychotherapy) ၊ ဆေးဝါးကုသနည်း (Antidepressants Medication) ၊ လျှပ်စစ်ဓာတ်ဖြင့်ကုသနည်း (Antidepressants Medication) စတာတွေနဲ့ ကုသပေးလို့ရပါတယ်။

၈၀% သော စိတ်ကျဝေဒနာရှင်တွေက သူတို့ရဲ့စိတ်ကျမှုဖြစ်စေတဲ့ စိတ်အမူအကျင့် ၊ အတွေးအခေါ်တွေကိုပြောင်းလဲပေးဖို့ အဓိကနည်းတွေဖြစ်တဲ့ စကားပြောကုသနည်းနဲ့ ဆေးဝါးကုသနည်းနှစ်မျိုးတည်းနဲ့တင် ပြန်လည်ကောင်းမွန်လာလေ့ ရှိပါတယ်။ တချို့တွေတွက်လည်း တရားထိုင်တာလို နည်းလမ်းမျိုးတွေနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။

ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အနီးအနားမှာ ဘဝကို အရှုံးပေးဖို့ ရည်သန်နေတဲ့သူတွေ ရှိနေခဲ့ရင် ဖေးမဖို့ ကြိုးစားကြည့်ပါ။ ဖျောင်းဖြကြည့်ပါ။ အားပေးကူညီပါ။ ကိုယ့်ရဲ့ တွဲလက်တွေ၊ ကြင်နာနွေးထွေးမှုတွေဟာ သူတို့အတွက် အားဆေးတစ်ခွက်ဖြစ်မယ်ဆိုတာကို သိနားလည်ထားပေးရင်း ဘဝတွေကို ကယ်တင်ပေးဖို့ လိုအပ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly