COVID -19 ကြောင့် ထိခိုက်နေသော စီးပွားရေးလုပ်ငန်းများအပေါ်ကုစားပေးမည့် ချေးငွေ အွန်လိုင်းမှလျောက်ထားနိုင်

COVID -19 ကြောင့် ထိခိုက်နေသော စီးပွားရေးလုပ်ငန်းများအပေါ်ကုစားပေးမည့် ချေးငွေ အွန်လိုင်းမှလျောက်ထားနိုင်

ဧပြီ ၂ ၊ ၂၀၂၀

COVID -19 ကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး ကော်မတီ ထံသို့ ချေးငွေလျောက်ထားမှုတွေကို အွန်လိုင်းကနေလျောက်ထားနိုင်ပြီဖြစ်ပြီး မေလဆန်းမှာ ချေးငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်စိုး ထံမှသိရသည်။

၎င်းက’’ဧပြီလ ၉ ရက်နေ့အထိ လျှောက်ထားမှုတွေ လက်ခံပြီးသွားရင် သက်ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ပြီး မေလဆန်း လောက် ချေးငွေပြန်လည် ချပေးနိုင်ဖို့ မှန်းထားပေမယ့် ဒါ့ထက် ပိုမြန်ဆန်ဖို့အတွက်လည်း ညှိနှိုင်းနေပါတယ်။” ဟု ပြောသည်။

COVID-19 ဂယက်ကြောင့်  စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားနိုင်ရေးအတွက်  နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေ မှ ကျပ် ဘီလီယံ ၅၀ စုစုပေါင်း ကျပ်ဘီလီယံ ၁၀၀ အား COVID -19 Fund အဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် ထူထောင်သွားမည် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်ဖြင့် သတ်မှတ်၍ ချေးငွေများ ထုတ်ချေးပေးသွားမည် ဟု ၂၀၂၀ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် အစိုးရမှထုတ်ပြန်ကြေညာခဲ့သည်။

ဦးအောင်စိုးက‘’ပထမအဆင့် ချေးငွေ ဦးစားပေးကဏ္ဍ သုံးခုဖြစ်တဲ့ ဟိုတယ်၊ ခရီးသွား လုပ်ငန်းတွေ၊ အထည်ချုပ် (CMP) နဲ့ SME လုပ်ငန်းတွေ ထဲက ထိခိုက်မှု အရှိဆုံးလို့ယူဆတဲ့ လုပ်ငန်းတွေကို ဒီကျပ်ဘီလီယံ ၁၀၀ ထဲက အရင်ထုတ်ချေးပေးသွားမယ်’’ဟု ပြောသည်။

ထိုချေးငွေများကို ကုန်သည်စက်မှုအသင်းချုပ် မှ တစ်ဆင့် လျှောက်ထားနိုင်ရန် မတ်လ ၃၀ ရက်နေ့ မှ စတင်၍ တိုင်းနဲ့ပြည်နယ် အသီးသီးရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံးများတွင် လျှောက်လွှာများ စတင်လက်ခံခဲ့သည်။သို့သော်လူစုလူဝေးဖြစ်မဖြစ်စေရန်အတွက် ဧပြီလ နှစ် ရက်နေ့ နေ့လည် နှစ် နာရီမှစတင်ကာ ဧပြီ ကိုးရက်နေ့အထိ Online မှ တစ်ဆင့် လျှောက်ထားခွင့်ပြုခဲ့သည်။

ချေးငွေလျောက်ထားမှုအတွက် ကုမ္ပဏီများအတွက် သတ်မှတ် အချက် ၁၂ ချက် နှင့် SME များအတွက် အချက် ကိုးချက် ဖြင့် ကိုက်ညီလျှင် ကုန်သည်စက်မှုအသင်းချုပ်ဘက် လျှောက်ထားမှုပုံစံ (Form) ကို တစ်ရက်အတွင်း ထုတ်ပေးကြောင်းသိရသည်။ လက်ရှိတွင် ချေးငွေလာရောက်လျောက်ထားသူပေါင်း  ရာဂဏန်းဝန်းကျင်ရှိနေကြောင်းသိရသည်။

ဆိုပါ COVID -19Fund မှ Online ချေးငွေလျှောက်ထားမှု ပုံစံတွင် ဖြည့်စွက်ရမည့်အချက်အလက်များတွင်

၁။ ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်း၏ အခြေခံ အချက်အလက်များ

  • (က) လျှောက်ထားသော ကုမ္ပဏီ/လုပ်ငန်း အမည်၊ ကုမ္ပဏီ
  • (ခ) ကုမ္ပဏီ/လုပ်ငန်း မှတ်ပုံတင်အမှတ်
  • (ဂ) ကုမ္ပဏီ/လုပ်ငန်း မှတ်ပုံတင်သည့် နေ့စွဲ
  • (ဃ) ကုမ္ပဏီ/လုပ်ငန်း ၏ လိပ်စာအပြည့်အစုံ
  • (င) လုပ်ငန်းအမျိုးအစား
  • (စ) မတည်ရင်းနှီးငွေ
  • (ဆ) လှည့်ပတ်ရင်းနှီးငွေပမာဏ
  • ၂။ Covid - 19 ကြောင့် ထိခိုက်မှု အခြေအနေ
  • (က) Covid - 19 မတိုင်မီ (၃) လ အချိန်ကာလအတွင်း ခန့်ထားသည့် ဝန်ထမ်းဦးရေ
  • (ခ) လက်ရှိဝန်ထမ်းအရေအတွက်
  • (ဂ) လျှော့ချသည့်/မည့် ဝန်ထမ်းအရေအတွက်
  • (ဃ) လျှော့ချသည့်/မည့် ဝန်ထမ်းရာခိုင်နှုန်း
  • (င) Covid - 19 မတိုင်မီ (၃) လ အချိန်ကာလအတွင်း ရရှိခဲ့သည့် ဝင်ငွေပမာဏ
  • (စ) လက်ရှိရနေသည့် ဝင်ငွေပမာဏ
  • (ဆ) လျော့ကျသွားသည့် ဝင်ငွေပမာဏ

၃။ ချေးယူလိုသည့် ချေးငွေပမာဏ နှင့် သက်ထမ်း (တစ်နှစ်ထက် မပိုရပါ)

  • (က) ချေးယူလိုသည့် ချေးငွေပမာဏ
  • (ခ) ချေးယူလိုသည့် ချေးငွေသက်တမ်း (လပေါင်း)
  • ၄။ လျှောက်လွှာတင်သူ၏ အချက်အလက်များ
  • (က) အမည်
  • (ခ) မှတ်ပုံတင်အမှတ်
  • (ဂ) ရာထူး
  • (ဃ) ဆက်သွယ်ရန် ဖုန်း စသည် တို့ ပါဝင်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly