COVID-19 အတည်ပြုလူနာ တည်းခိုခဲ့သည့် Green Hill ဟိုတယ် အဝင်အထွက်ကန့်သတ်

COVID-19 အတည်ပြုလူနာ တည်းခိုခဲ့သည့် Green Hill ဟိုတယ် အဝင်အထွက်ကန့်သတ်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဧပြီ ၂

COVID-19 အတည်ပြုလူနာ ပြင်သစ်နိုင်ငံသားသုံးဦး တည်းခိုသွားသည့် Best Western Green Hill ဟိုတယ်တွင် တည်းခိုသူနိုင်ငံခြားသားခုနှစ်ဦးနှင့် ဝန်ထမ်း ၂၇ ဦးတို့ကို အဝင်အထွက်ကန့်သတ်ထားကြောင်း တာမွေမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။

အဆိုပါပြင်သစ်နိုင်ငံသား၃ဦးနှင့် အတူ ကျန်ရှိနေသည့် ပြင်သစ်နိုင်ငံသားတစ်ဦးကိုလည်း ဝေဘာဂီ အထူးဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်းသိရသည်။
 

ဦးလှသိန်းက “လေးယောက်စလုံးကိုပို့ထားပါတယ်။ အကုန်လုံးသက်သာတယ်လို့ပြောပါတယ်။ ဟိုတယ်က Lock Down ချထားပါတယ်။ ဟိုတယ်မှာ ဂျပန်ရှိမယ်။ ကိုရီးယားရှိမယ်။ ဖိလစ်ပိုင်ရှိမယ်။ အဲဒီမှာ ခုနစ်ယောက်ရှိသေးတယ်ဗျ။ သူတို့လည်း အခြေအနေကောင်းပါတယ်ဗျ။ သူတို့နဲ့လည်း ဆက်သွယ်မှုနဲ့ စစ်ဆေးမှုတွေရှိနေပါတယ်။” ဟု ဆိုသည်။

တာမွေမြို့နယ်၊ဖိုးစိန်လမ်းရှိ Best Western Green Hill ဟိုတယ်တွင် လာရောက်တည်းခိုနေသည့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းရေးအေဂျင်စီ(Jica) မှ ဝန်ထမ်း နိုင်ငံခြားသား ၇ဦးနှင့် ဟိုတယ်ဝန်ထမ်း ၂၃ဦး၊ စုစုပေါင်း ၃၀ဦးကို အဝင်အထွက် ကန့်သတ်ထားပြီး ဟိုတယ်ကို မတ်လ ၃၀ရက်ညပိုင်းကတည်းက ၁၄ရက်စောင့်ကြည့်အဖြစ် ဝင်ထွက်ခွင့် ပိတ်ပင်ထားသည်။

 “ လူ၃၀လုံးကို အဝင်အထွက်ကန့်သတ်ထားပါတယ်။ ကျန်းမာရေးဦးစီးဌာနက အတွင်းပိုင်းကို ဆေးတွေဘာတွေ ဆောင်ရွက်ပေးတယ်။” ဟု၎င်းကဆက်ပြောသည်။

ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုတွင် ပြင်သစ်နိုင်ငံသို့ ၁၄ရက်အတွင်း သွားရောက်ထားသော ရာဇဝင်ရှိသည့် အသက် ၆၆နှစ်အရွယ်အမျိုးသမီးတစ်ဦး (၁၁ယောက်မြောက်လူနာ)၊ ၆၅နှစ်အရွယ် အမျိုးသားတစ်ဦး (၁၂ယောက်မြောက်လူနာ)၊ အသက်၆၁နှစ်အရွယ် အမျိုးသမီးတစ်ဦး(၁၃ယောက်မြောက်လူနာ) တို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

သူတို့သုံးဦးသည် မတ်လ ၂၈ရက် ကတည်းက ဆေးရုံတက်ရောက်နေကြောင်း လည်း  ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှစ်ယောက်မြောက်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဧည့်လမ်းညွှန်အမျိုးသမီး၏ နောက်ကြောင်းကိုစစ်ဆေးရာမှ ထိုပြင်သစ်နိုင်ငံသားသုံးဦးနှင့်အတူ ခရီးအတူသွားထားကြောင်းသိရှိရခြင်းဖြစ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ထုတ်ပြန်ချက်အရ အတည်ပြုလူနာများအပါအဝင် ၁၁ဦးပါဝင်တဲ့ ခရီးသွားအဖွဲ့သည်ရန်ကုန်တွင် နေရာ ကိုးနေရာကို အဓိကသွားခဲ့သည်။

ယင်းပြင်သစ်နိုင်ငံသား ၃ဦးသည် မတ်လ ၂၂ရက်မှ ၂၃ရက်အထိ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်ဈေး၊ တရုတ်တန်း၊ မြို့တွင်း၊ ကိုလိုနီခေတ်အဆောက်အအုံများ၊ ရွှေတိဂုံစေတီတော်၊ မြို့ပတ်ရထားဖြင့် ကြည်မြင့်တိုင်ဘူတာအထိစီး ခဲ့ကြသည်။ အလားတူပင် မတ်လ ၂၅ရက်နေ့တွင် ဗိုလ်ချုပ်ပန်းခြံနှင့် ခြောက်ထပ်ကြီး ဘုရားရှေ့မှ ၁၆၂ စတိုးဆိုင်သို့ သွားရောက်ထားသည်။

မတ်လ ၂၅ရက်တွင် အင်းလျားလိတ်ဟိုတယ်ဝန်းထဲရှိ International SOS Clinic တွင် ကျန်းမာရေး ထောက်ခံချက်ယူခဲ့သည်။ထိုနေရာကိုလည်း ၁၄ ရက်အဝင်အထွက်ကန့်သတ်ထားသည်။

ထို့အပြင် ခရီးသွားအဖွဲ့အနေဖြင့်မန္တလေးတွင်လည်း ရွှေကျောင်း၊မဟာမုနိ၊ကျောက်စိမ်းဈေး၊ အင်းဝ၊စစ်ကိုင်းတောင်၊ဦးပိန်တံတားတို့အပြင်မုံရွာမြို့ကိုပါဆက်သွားခဲ့ကြသည်။မုံရွာ-ပခုက္ကူ-ပုဂံ တွေအပြင်ကလောသို့ ပါခရီးဆက်ခါ နေရာတော်တော်များများသွားခဲ့ကြောင်းသိရသည်။

လက်ရှိတွင် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းအတွင်း ပိုးသတ်ဆေးများဖြန်းခြင်း၊ အနီးအနားရှိရပ်ကွက်များ၊ လမ်းများကို ပိုးသတ်ဆေးအလုံအလောက်ဖြန်းထားပြီး ဟိုတယ်ကိုလည်း လုံခြုံရေး ချထားကြောင်း ဦးလှသိန်းက ဆိုသည်။

တာမွေမြို့နယ်တွင် နိုင်ငံခြားမှ ပြန်ရောက်လာသူများနှင့် မြဝတီနယ်စပ်တွင် အလုပ်လုပ်ကိုင်ရင်းပြန်ရောက်လာသူများအတွက် ၁၄ရက်စောင့်ကြည့်ရန် Quarantine နေရာအတွက် ပြင်ဆင်ထားသည့် နေရာ ၄နေရာ လောက်ရှိကြောင်းတာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းထံမှသိရသည်။

နတ်စင်လမ်းတွင်လည်းကောင်း၊ကျိုက်က္ကဆံကွင်းတွင်လည်းကောင်း၊နေအိမ်အချို့တွင်လည်းကောင်းပြင်ဆင်ထားမှုများရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required