အစ္စရေး ကျန်းမာရေးဝန်ကြီးနှင့် ဇနီး COVID-19 ကူးစက်ခံထားရ

အစ္စရေး ကျန်းမာရေးဝန်ကြီးနှင့် ဇနီး COVID-19 ကူးစက်ခံထားရ

ဧပြီ ၂

အစ္စရေး ကျန်းမာရေးဝန်ကြီးနှင့် ဇနီးဖြစ်သူတို့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံထားရပြီး ယခုအခါ သတ်မှတ်လမ်းညွန်ချက်များအောက်တွင် သီးခြားခွဲကာ နေထိုင်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂ ရက်တွင် ထုတ်ပြန်သည်။

၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ မဟာမိတ်တစ်ဦးဖြစ်သည့် အသက် ၇၁ နှစ်အရွယ် ကျန်းမာရေးဝန်ကြီး ယာကော့ဗ် လစ်ဇ်မန်သည် ကနဦးပိုင်းက နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအခြေအနေနှင့်ပတ် သက်၍ ဝန်ကြီးချုပ်နှင့်အတူတွဲကာ အများပြည်သူထံ သတင်းအချက်အလက်များကို ပုံမှန် ထုတ်ပြန်ပေးခဲ့သူလည်း ဖြစ်သည်။

သို့သော် ကျန်းမာရေးဝန်ကြီး လစ်ဇ်မန်သည် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်မှစ၍ အများပြည်သူရှေ့မှောက်သို့ ထွက်ပေါ်ခြင်း သိပ်မရှိတော့ဘဲ ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားရေးမှူးချုပ် ဖြစ်သူက ၎င်းကိုယ်စား အများပြည်သူထံ ရှင်းလင်းပြောဆိုမှုများ လုပ်ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

ယခုအခါ ဝန်ကြီး လစ်ဇ်မန်နှင့် ဇနီးဖြစ်သူတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း၊ လက်ရှိအချိန်တွင် ကျန်းမာရေး ကောင်းမွန်ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

“ ဗိုင်းရပ်စ် ကူးစက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်သွားပါမယ်၊ နောက်ပြီး ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း သူနဲ့ သူ့ဇနီးတို့နဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း စုံစမ်းမေးမြန်းပြီး သီးခြားခွဲနေစေဖို့ လုပ်သွားပါ မယ်” ဟု ဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့သည်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည်လည်း ပြီးခဲ့သည့် မတ်လ ၃၀ ရက်က ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ် ကင်းရှင်းသည်ဟု သိရသည်။

အသက် ၇၀ နှစ်ရှိ လက်ယာယိမ်း ဝန်ကြီးချုပ်သည် ဧပြီ ၁ ရက်အထိ သီးခြားခွဲကာ နေထိုင်ခဲ့ကြောင်း သိရသော်လည်း ၎င်းသည် ကျန်းမာရေးဝန်ကြီး လစ်ဇ်မန်နှင့် နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံခဲ့သလားဆိုသည်ကို ရှင်းရှင်း လင်းလင်း မသိရပေ။

အစ္စရေးနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆,၀၀၀ ကျော် ရှိနေပြီး လူ ၂၅ ဦးထက်မနည်း ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly