လူနာအမှတ် ၁၆ နှင့်ထိတွေ့ထားသူ ၂၇ ဦး တပ်မတော်၏ သီးသန့် စောင့်ကြည့်စခန်းတွင်ရောက်နေ

လူနာအမှတ် ၁၆ နှင့်ထိတွေ့ထားသူ ၂၇ ဦး တပ်မတော်၏ သီးသန့် စောင့်ကြည့်စခန်းတွင်ရောက်နေ

ရန်ကုန်၊ ဧပြီ ၂

မြောက်ဥက္ကလာပဆေးရုံကြီးသို့ တက်ရောက်ခဲ့သော COVID-19 ရောဂါပိုး အတည်ပြုလူနာ အမှတ် ၁၆ နှင့်ထိတွေ့ခဲ့သူ ၂၇ ဦးမှာ လှိုင်မြို့နယ်ရှိ တပ်မတော်၏ စောင့်ကြည့်စခန်းတွင်ရောက်နေသည်ဟုတပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ COVID-19 လူနာ အမှတ် ၁၆ နဲ့ပက်သက်မှုရှိတဲ့ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၃ ဦး ... ထပ်ရောက်ပါတယ်။ မြောက်ဥက္ကလာကအဖွဲ့တွေပါ” ဟု အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမသို့ ပြောသည်။
 
လူနာ အမှတ် (၁၆) နှင့် ပတ်သက်ဆက်နွယ်သူ ၂၇ ဦးမှာမူ ဧပြီ ၂ ရက်နေ့နံနက်ပိုင်းတွင်မှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ လူနာနေထိုင်ခဲ့သော မြောက်ဥက္ကလာပရှိ လမ်းကိုလည်း ဧပြီ ၁ ရက်နေ့ညပိုင်းကတည်းက အာဏာပိုင်များမှ အဝင်/ အထွက်ပိတ်ပင်ခဲ့သည်။
 

လူနာအမှတ် (၁၆) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့နယ်၌ နေထိုင်သူ၊ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသမီး ဖြစ်သည်။

သူသည် မတ်လ ၁၅ ရက်နေ့က ဒူဘိုင်းနိုင်ငံမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခို နေထိုင်ခဲ့သည်။

ထိုသို့ နေထိုင်စဉ် နှစ်ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်း ခံစားခဲ့ရကာ မတ်လ ၃၀ ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူ ချိန်မြင့် တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၃၁ ရက်နေ့က  တက်ရောက် ကုသမှုခံယူခဲ့သည်။

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများပေါ်ထွက်လာပြီးနောက် တပ်မတော်ကလည်း စောင့်ကြည့်ရေးစခန်းများထူထောင်ပေးလာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူ ၂၀၀၀ ခန့်နေထိုင်နိုင်သော လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် မတ်လ ၃၁ ရက်နေ့မှစတင်ကာ စောင့်ကြည့်လူနာများကို စတင်လက်ခံခဲ့သည်။ လက်ရှိတွင် လှိုင်စခန်းတွင် လူ၁၂၀ ကျော် လက်ခံထားသည်။

ယနေ့အထိရရှိထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့သူ ၁၆ ဦးရှိပြီး သေဆုံးသူ တစ်ဦးရှိသည်။ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေသူကတော့ ၈၃ ဦးရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly