COVID-19 ကာလအတွင်း အရပ်ဘက်အာဏာပိုင်များ အသုံးပြုနိုင်ရန်အတွက် အလောင်းထည့်အိတ်ပေါင်း ၁ သိန်း ထောက်ပံ့ရန် ပင်တဂွန် ကြိုးပမ်း

COVID-19 ကာလအတွင်း အရပ်ဘက်အာဏာပိုင်များ အသုံးပြုနိုင်ရန်အတွက် အလောင်းထည့်အိတ်ပေါင်း ၁ သိန်း ထောက်ပံ့ရန် ပင်တဂွန် ကြိုးပမ်း

ဧပြီ ၂

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှုဖြစ်ပွားနေချိန်ကာလအတွင်း အရပ်ဘက်အာဏာပိုင်များ အသုံးပြုနိုင်ရန်အတွက် စစ်ဘက်သုံး ပုံစံ အလောင်းထည့်အိတ် (body bag) ပေါင်း တစ်သိန်း ပံ့ပိုးထောက်ပံ့ရန် ပင်တဂွန် စစ်ဌာနချုပ်က ကြိုးပမ်းနေကြောင်း သိရသည်။

လာမည့် အပတ်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ မြင့်တက်သွားနိုင်ကြောင်း အမေရိကန်အစိုးရက သတိပေးခဲ့ချိန် ယခုကဲ့သို့ ပင်တဂွန်က စီစဉ်နေခြင်း ဖြစ်သည်။

အလောင်းထည့်အိတ်ဟု သိကြသော body bag အိတ်ပေါင်း တစ်သိန်း ရရှိနိုင်ရေးအတွက် ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီက အေဂျင်စီအချင်းချင်း ညှိနှိုင်းပေါင်းစပ်ရေး အဖွဲ့တစ်ခုကနေတဆင့် ကာကွယ်ရေးဝန် ကြီးဌာနသို့ တင်ပြတောင်းခံထားသည်ဟု သိရသည်။

ပင်တဂွန်အနေဖြင့် အဆိုပါ အလောင်းထည့်အိတ်များကို ပိုမို ဝယ်ယူရန် စီစဉ်နေလျက် ရှိပြီး ကနဦးအားဖြင့် ယင်းတွင် သိုလှောင်သိမ်းဆည်းထားသည့် အိတ်ပေါင်း ၅၀,၀၀၀ အနက်မှ တချို့တဝက်ကို ရယူအသုံးပြုသွားမည် ဖြစ်ကြောင်း အဆိုပါ တောင်းဆိုမှုကိစ္စနှင့်ပတ်သက်၍ သိရှိထားသူနှစ်ဦးက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝန်ပိနေသော ဒေသတွင်း ဆေးရုံများကို ဖိအားများ ကူညီလျော့ပါးစေရန်အတွက် နယူးယော့ခ်နှင့် လော့စ် အိန်ဂျလိစ်သို့ ဆေးရုံသင်္ဘောနှစ်စင်း ပင်တဂွန်က တပ်ဖြန့်စေလွှတ်ခဲ့ပြီးနောက် အထက်ပါ ကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ၏ တပ်ဖွဲ့ဝင် ထောက်ကူရေးဌာနခွဲက အလျား ၉၄ လက်မ၊ အနံ ၃၈ လက်မ ရှိသော အလောင်းထည့် အစိမ်းရောင် နိုင်လွန်အိတ်များ သိုလှောင်မှုကို စီမံခန့်ခွဲလျက် ရှိသည်။ ယင်းအိတ်များသည် ပုံမှန်အားဖြင့် စစ်ပွဲဇုန်များသို့ ဖြန့်ဝေပေးသည့် အိတ်များ ဖြစ်သည်။ အဆိုပါ ဌာနခွဲသည် လက်ရှိ ကန်ထရိုက်တာနှင့် ချိတ်ဆက်ပြီး ထုတ်လုပ်နိုင်စွမ်း အခြေအနေကို အကဲဖြတ်လျက် ရှိကြောင်း၊ သို့သော် တရားဝင် အမှာစာ ပေးပို့ခြင်း မရှိသေးကြောင်း ယင်းကိစ္စနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း နှစ်သိန်းခန့် သေဆုံးရဖွယ် ရှိကြောင်း အိမ်ဖြူတော် အဆင့်မြင့်အရာရှိတစ်ဦးက မတ်လ ၃၁ ရက်တွင် ပြောသွားခဲ့သည်။ အခြေအနေ ခန့်မှန်းချက်များအပေါ် သုံးသပ်ကြည့် ရှုပြီး သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်ပြည်သူများအနေဖြင့် လာမည့်သီတင်းပတ်များအတွင်း ခက်ခဲကြမ်းတမ်းသော ကာလတစ်ခုကို ရင်ဆိုင်သွားရရန် ရှိနေကြောင်း သတိပေးသွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly