ရုရှားက အမေရိကန်သို့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အကူအညီပစ္စည်းများ တင်ဆောင်ထားသည့် လေယာဉ်တစ်စင်း စေလွှတ်

ရုရှားက အမေရိကန်သို့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အကူအညီပစ္စည်းများ တင်ဆောင်ထားသည့် လေယာဉ်တစ်စင်း စေလွှတ်

ဧပြီ ၂

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ထိခိုက်မှုတွေ ကြုံတွေ့နေတဲ့ အမေရိကန်နိုင်ငံဆီသို့ လူသားချင်းစာနာမှု အကူအညီပစ္စည်းတွေ တင်ဆောင်ထားတဲ့ လေယာဉ်တစ်စင်း စေလွှတ်လိုက်ကြောင်း ရုရှားအာဏာပိုင်တို့က ဧပြီ ၁ ရက်မှာ ကြေညာလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ တင်ဆောင်ထားတဲ့ ရုရှား စစ်ဘက်လေယာဉ်တစ်စင်းဟာ အမေရိကန်ကို ဦးတည်ထွက်ခွာသွားခဲ့ပြီဖြစ်ေကြာင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့မှာပဲ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေစဉ်ကာလအတွင်း ကရင်မလင်အနေနဲ့ ယင်းရဲ့ ပါဝါပျော့ (soft power) ကို အသုံးပြုလိုက်ခြင်းလည်း ဖြစ်ပါတယ်။

နှာခေါင်းစည်းတွေနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ တင်ဆောင်ထားတဲ့  Antonov-124 စစ်လေယာဉ်ဟာ အမေရိကန်သို့ ညတွင်းချင်း ထွက်ခွာပျံသန်းသွားခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

ရုရှား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ ဧပြီ ၁ ရက် မနက်အစောပိုင်းက သေတ္တာပုံးတွေ တင်ထားတဲ့ ကုန်လေယာဉ်တစ်စင်း မော်စကိုအနီး လေတပ်အခြေစိုက်စခန်းတစ်ခုကနေ ပျံတက်ဖို့ ပြင်ဆင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က ဖုန်းဆက်စကားပြောဆိုခဲ့ပြီးနောက် ခုလို ရုရှားဘက်က အမေရိကန်အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ လေယာဉ် နဲ့ ပို့ဆောင်မှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ရုရှားအနေနဲ့ ပြီးခဲ့တဲ့ ကာလအတွင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ အီတလီနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ တစိတ်တပိုင်းအဖြစ် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ ကျွမ်းကျင်သူတွေ ပေးပို့စေလွှတ်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒါရဲ့ နောက်ကွယ်မှာတော့ ပထဝီနိုင်ငံရေးဆိုင်ရာ အရိပ်အယောင် သဘောထားတွေ ရှိနေတယ်လို့ အကဲဖြတ်လေ့လာသူတွေက ပြောပါတယ်။

အီတလီကို ပေးပို့စေလွှတ်ခဲ့တဲ့ အကူအညီတွေထဲမှာ အီဘိုလာနဲ့ ဝက်တုပ်ကွေးတို့လို ရောဂါတွေကို ကိုင်တွယ်ရာမှာ အတွေ့အကြုံများစွာ ရှိခဲ့တဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူ ၁၀၀ ခန့် ပါဝင်တယ်လို့ မော်စကို က ပြောပါတယ်။ ဒါပေမယ့်လည်း အဆိုပါ အကူအညီတွေအနက် အများစုကတော့ ဗိုင်းရပ်စ်တိုက်ဖျက်ရာမှာ အသုံးမဝင်ခဲ့ဘူးလို့ အီတလီ မီဒီယာတွေကလည်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း ဆိုဗီယက် နိုင်ငံဟောင်းတွေနဲ့ အီရန်နဲ့ မြောက်ကိုရီးယားတို့လို နိုင်ငံတွေဆီကို ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရေး ကိရိယာ ၁,၀၀၀ နီးပါး ပေးပို့ခဲ့ကြောင်း ရုရှားက ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၁ ရက်နေ့အထိ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၈၈,၆၆၃ ဦး ရှိနေတယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်တဲ့   စာရင်းတွေအရ သိရပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ အများဆုံး ပမာ ဏလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာလည်း ၄,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

တကယ်လို့ ရုရှားတို့အနေနဲ့လည်း အလားတူ အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အမေရိကန်ဘက်က တူညီတဲ့ သဘောထားမျိုးပြန်လည် ပြသလိမ့်မယ်လို့ သမ္မတ ပူတင်ဘက်က မျှော်လင့်ထားကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမက်ထရီ ပက်စ်ကော့ဗ်က မတ်လ ၃၁ ရက်မှာ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly