အာဖရိကမှာ ငှက်ဖျားရောဂါပျောက်ဆေး ကလိုရိုကွင်းကို COVID-19 ကုသဆေးအဖြစ်သောက်သုံး

အာဖရိကမှာ ငှက်ဖျားရောဂါပျောက်ဆေး ကလိုရိုကွင်းကို COVID-19 ကုသဆေးအဖြစ်သောက်သုံး

ဧပြီ ၁

အာဖရိကမှာ ငှက်ဖျားရောဂါပျောက်ဆေးဖြစ်တဲ့ ကလိုရိုကွင်း (Chloroquine) ကို  ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသဆေးအဖြစ် အပြေးအလွှား ဝယ်ယူလျက်ရှိကြပါတယ်။

ဆီနီဂေါနိုင်ငံ ဆေးရုံတွေကစလို့ တောင်အာဖရိက ဆေးကုမ္ပဏီတွေနဲ့ ကင်မရွန်းက လမ်းဘေးဈေးသည်တွေအထိပါ ကလိုရိုကွင်း ကို အလားအလာရှိတဲ့ ကုသဆေးအဖြစ် မျှော်လင့်ထားကြတာပါ။

ကလိုရိုကွင်းနဲ့ အလားတူတဲ့ ဟိုက်ဒရောက်ဆီကလိုရိုကွင်း ဆေးတွေဟာ ဈေးသက်သာပြီး ငှက်ဖျားရောဂါ ကာကွယ်ဆေးအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့တဲ့ဆေးတွေဖြစ်ပါတယ်။

ကလိုရိုကွင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတွေမှာ ဗိုင်းရပ်စ်လယ်ဗယ်ကို လျော့ကျစေတယ်ဆိုပြီး တရုတ်နဲ့ပြင်သစ်က စမ်းသပ်မှုအနည်းငယ်သာပြုလုပ်ထားတဲ့ တွေ့ရှိချက်အရ  အကြံပြုပြောဆိုထားကြပြီး လူသိရှင် ကြား မထုတ်ပြန်သေးပါဘူး။

မတ်လ ၂၄ ရက်တုန်းက သမ္မတ ဒေါ်နယ်ထရမ့်က ကလိုရိုကွင်းကို ဘုရားသခင်ပေးတဲ့လက်ဆောင် လို့ ပြောဆိုခဲ့လို့ ဝေဖန်မှုများစွာ ခံခဲ့ရပါသေးတယ်။

ကလိုရိုကွင်းဟာ ဘေးထွက်ဆိုးကျိုးတွေရှိလို့ ကိုယ့်သဘောနဲ့သောက်သုံးသူတွေ များစွာသေဆုံးခဲ့တဲ့ မှတ်တမ်းတွေလည်းရှိပါတယ်။ ဒါကြောင့်  စမ်းသပ်မှု အသေအချာ မလုပ်ရသေးခင် မသောက်သုံးသင့်ကြောင်းကျန်းမာ ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က သတိပေးထားပါတယ်။

ဒါပေမယ့် အာဖရိကတစ်လွှားမှာတော့ ကလိုရိုကွင်းက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသဆေးအဖြစ် နေရာယူထားပါတယ်။

ဘာကီနာဖာဆို၊ ကင်မရွန်းနဲ့ တောင်အာဖရိကမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့လူနာတွေကို အဆိုပါဆေးနဲ့ ကုသဖို့ တရားဝင်ခွင့်ပြုထားပါတယ်။

“ဆီနီဂေါက COVID-19 ကူးစက်ခံရတဲ့လူနာထက်ဝက်လောက်ကို ဟိုက်ဒရောက်ဆီကလိုရိုကွင်း သောက်ဖို့ ဆေးညွှန်းပေးပါတယ်” လို့ Dakar’s Fann ဆေးရုံက ပါမောက္ခ Moussa Seydi က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

ကွန်ဂိုသမ္မတ ဖီးလစ်ရှီဆက်ကဲဒီ ကလည်း ကလိုရိုကွင်းကို ပမာဏအများအပြားထုတ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required