ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံး အသိပေးသူများမှာပါသည့် အမျိုးသမီးဆရာဝန် ပျောက်ဆုံးနေ

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံး အသိပေးသူများမှာပါသည့် အမျိုးသမီးဆရာဝန် ပျောက်ဆုံးနေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအကြောင်း အခြားသော ဆေးပညာဝန်ထမ်းများကို ပထမဆုံး အသိပေးခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ အမျိုးသမီးဆရာဝန် ပျောက်ဆုံးနေခြင်းကြောင်း ၎င်းသည် ဖမ်းဆီးထိန်းသိမ်းခံထားရနိုင်သည်ဟု စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းများက ဖော်ပြသည်။

ဆရာဝန်မ အီဖန်သည် SARS ကိုရိုနာဗိုင်းရပ်စ်ဟု နာမည်ထိုးထားသော လူနာတစ်ဦး၏ ဓာတ်ပုံကို ဖြန့်ဝေခဲ့ပြီးနောက် ဝူဟန်ဗဟိုဆေးရုံမှ တာဝန်ရှိသူများ၏ မထင်ရသော အလွန်အမင်း အပြစ်ဖော်ဆုံးမမှုကို ခံခဲ့ရသူဖြစ်သည်။

ယင်း ဓာတ်ပုံသည် ပြန့်နှံ့သွားပြီးနောက် ဆရာဝန်တစ်ဦးဖြစ်သည့် လီဝန်လျန်က ယင်း ဗိုင်းရပ်စ်ပိုးအကြောင်း တပ်လှန့်သတိပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗိုင်းရပ်စ်သည် ယခုအချိန်တွင် ကမ္ဘာအနှံ့ ပျံ့နှံ့နေပြီး လူပေါင်း ၄၁၀၀၀ ‌ကျော် သေဆုံးခဲ့ပြီဖြစ်သည်။

ဆရာဝန် လီဝန်လျန်ကို အွန်လိုင်းတွင် မမှန်သတင်းများ ဥပဒေမဲ့ ဖြန့်ဝေသည်ဆိုကာ အာဏာပိုင်များက ခေါ်ယူဆုံးမခြင်း ခံခဲ့ရသည်။

ဆရာဝန်မ အီဖန်သည် တရုတ်မဂ္ဂဇင်းတစ်စောင်နှင့် အင်တာဗျူးပြီး ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို အစောဆုံး သတိပေးခဲ့သည်ကို မျက်ကွယ်ပြုသည့် ဝူဟန်ဆေးရုံ၏ စီမံလုပ်ကိုင်ပုံများနှင့် ပတ်သက်ကာ ဝေဖန်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် တွေ့ရှိရတော့ခြင်း မရှိတော့ခြင်းဖြစ်သည်ဟု 60 Minutes Australia သတင်းဌာနက ဖော်ပြသည်။

60 Minutes Australia လေလှိုင်းတွင် သတင်းထုတ်လွှင့်ပြီးနောက် ဆရာဝန်မ အီဖန်၏ တွစ်တာကဲ့သို့သော လူမှုမီဒီယာ ပလက်ဖောင်းဖြစ်သည့် Weibo အကောင့်က ဓာတ်ပုံတစ်ပုံ၌ ‘မြစ်တစ်စင်း၊ တံတားတစ်စင်း၊ လမ်းတစ်လမ်း၊ နာရီသံ တစ်ချက်ချက်’ဆိုသည့် စာသားရေးကာ ပို့စ်တင်လာခဲ့ကြောင်း RFA သတင်းက ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်မှု အဆင့်တိုင်းလိုလိုတွင် အဓိက သတင်းအချက်အလက်များကို တရုတ်အစိုးရက လိမ်လည်သည်၊ ဖုံးကွယ်သည်ဟူသော ဝေဖန်မှုများအား တင်းကြပ်လာခဲ့ပြီးနောက် ဆရာဝန်မ အီဖန် ပျောက်ဆုံးနေသည့် ကောလဟလများ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

တရုတ်အစိုးရသည် ဗိုင်းရပ်စ်အား တွေ့ရှိသည့် ဆရာဝန်၊ ဆရာဝန်မများကို အပြစ်ပေးခြင်း၊ လူမှ လူသို့ ကူးစက်နိုင်သည်ဆိုခြင်းအား ပယ်ချခဲ့ခြင်းနှင့် သက်ရောက်ရာ အရပ်ဒေသများကို အဝင်အထွက်ပိတ်ရန် နှောင့်နှေးခြင်းများဖြင့် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ဖုံးကွယ်ရန် အစောပိုင်းက ကြိုးစားခဲ့သည်။ ယင်းကြောင့်ပင် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည့် လက်ဦးယူနိုင်သော အစောပိုင်း အခွင့်အလမ်းများကို ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required