ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအတိုင်းအတာကို တရုတ်က ထိန်ချန်ထားဟု အမေရိကန် ထောက်လှမ်းရေး ပြော

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအတိုင်းအတာကို တရုတ်က ထိန်ချန်ထားဟု အမေရိကန် ထောက်လှမ်းရေး ပြော

တရုတ်နိုင်ငံသည် ၎င်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအတိုင်းအတာကို စုစုပေါင်း ကူးစက်ဖြစ်ပွားနှုန်းရော၊ ယင်း ရောဂါကြောင့် သေဆုံးရသည့် နှုန်းကိုပါ ဖော်ပြရာ၌ ဖုံးကွယ်ထိန်ချန်ထားကြောင်း အိမ်ဖြူတော်သို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက တင်သွင်းသော လျှို့ဝှက်အဆင့် အစီရင်ခံစာ၌ ကောက်ချက်ချထားကြောင်း အမေရိကန် တာဝန်ရှိသူ သုံးဦးအရ သိရသည်။

အဆိုပါ အစီရင်ခံစာသည် လျှို့ဝှက်အဆင့်ဖြစ်ခြင်းကြောင့် နာမည်မဖော်ပြရန် တောင်းဆိုပြီး အစီရင်ခံစာပါ အကြောင်းအရာ အသေးစိတ်ကို ပြောဆိုရန် ၎င်းတာဝန်ရှိသူသုံးဦးက ငြင်းဆန်သည်။ သို့သော် အမှန်တရားမှာ တရုတ်၏ အများပြည်သူသို့ ထုတ်ပြန်သော ကူးစက်ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းသည် ရည်ရွယ်ချက်ရှိရှိ မပြည့်မစုံ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ ထို တာဝန်ရှိသူသုံးဦး၌ နှစ်ဦးက တရုတ်နိုင်ငံ ထုတ်ပြန်သော နှုန်းထားများသည် အတုအယောင်သာဖြစ်သည်ဟု ပြောကြသည်။

အဆိုပါ အစီရင်ခံစာကို အိမ်ဖြူတော်က ပြီးခဲ့သည့် သီတင်းပတ်၌ လက်ခံရရှိခဲ့သည်ဟု ၎င်းတာဝန်ရှိသူတို့မှ တစ်ဦးက ပြောသည်။

၂၀၁၉ နှောင်းပိုင်း၌ တရုတ်နိုင်ငံ ဟူပေးပြည်နယ်တွင် ဗိုင်းရပ်စ် စတင်ဖြစ်ပွားပေါ်ပေါက်ခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံက လူသိရှင်ကြား ထုတ်ပြန်ထားသည်မှာ ကူးစက်ဖြစ်ပွားသူ ၈၂၀၀၀ ရှိကာ သေဆုံးသူ ၃၃၀၀ ရှိသည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။ နှိုင်းယှဉ်လျှင် အမေရိကန်သည် ကမ္ဘာပေါ်၌ အများသိ ရောဂါကူးစက်ဖြစ်ပွားသေဆုံးမှု အများဆုံး ဖြစ်နေကာ ကူးစက်သူပေါင်း ၁၈၉၀၀၀ ကျော်နှင့် သေဆုံးသူ ၄၀၀၀ ‌ကျော် ရှိနေသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

အိမ်ဖြူတော်မှ ပြန်ကြားရေးတာဝန်ရှိသူများနှင့် တရုတ်သံရုံးတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။

တရုတ်နိုင်ငံသည် နောက်ပိုင်းတွင် တင်းကြပ်သော အဝင်အထွက်ပိတ် lockdown ချခဲ့သော်လည်း နိုင်ငံတွင်းနှင့် ပြည်ပမှ ပြန်လာသူများတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းထားကို ဖော်ပြရာ၌ တော်တော်များများက အယုံအကြည် ကင်းမဲ့လျက် ရှိသည်။ တရုတ်အစိုးရသည် ဗိုင်းရပ်စ်ကေ့စ်နှင့် ပတ်သက်ပြီး ရေတွက်သည့် နည်းလမ်းကိုလည်း အကြိမ်ကြိမ် ပြင်ဆင်လျက်ရှိသည်။

ဟူပေးပြည်နယ် သုဿန်များ၏ အပြင်ဖက်၌ အရိုးအိုးများ ထောင်ပေါင်းများစွာ စုပုံရှိနေသည်ကလည်း တရုတ်၏ ထုတ်ပြန်ချက်များအပေါ် ပြည်သူများ  သံသယဖြစ်အောင် မီးထိုးပေးလျက် ရှိသည်။

ထိုသို့ အများပြည်သူသို့ ထုတ်ပြန်ချက်များအပေါ် သံသယဝင်သည်မှာ တရုတ်တစ်နိုင်ငံတည်း မဟုတ်ဘဲ အီရန်၊ ရုရှ၊ အင်ဒိုနီးရှားနှင့် အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိဘူးဆိုသည့် မြောက်ကိုရီးယားတို့ကိုလည်း အနောက်အုပ်စုက တာဝန်ရှိသူများက ထောက်ပြလျက် ရှိနေသည်။ ဆော်ဒီအာရေဗျနှင့် အီဂျစ်အပါအဝင် အခြားနိုင်ငံများသည်လည်း ကူးစက်သေဆုံးနှုန်းများကို လျှော့ချထုတ်ပြန်ထားဖွယ် ရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက တရုတ်နှင့် အခြားနိုင်ငံများအား ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပွင့်လင်မြင်သာမှု ရှိကြရန် လူသိရှင်ကြား ပြောဆိုတိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly