ဘင်္ဂလားဒေ့ရှ်မှာ တစ်နိုင်ငံလုံး အဝင်အထွက်ပိတ် lockdown ချထားတာကို ရက်ထပ်တိုး

ဘင်္ဂလားဒေ့ရှ်မှာ တစ်နိုင်ငံလုံး အဝင်အထွက်ပိတ် lockdown ချထားတာကို ရက်ထပ်တိုး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ရပ်တန့်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တစ်နိုင်ငံလုံး အဝင်အထွက်ပိတ် lockdown ချထားတာကို ဧပြီ ၉ ရက်အထိ အင်္ဂါနေ့မှာ ရက်ထပ်တိုးလိုက်ပါတယ်။

မတ် ၂၆ ရက်က ကြေညာပြီး ဧပြီ ၄ ရက်မှာ ပြီးဆုံးမယ့် lockdown ချထားတာကို နောက်ထပ် ငါးရက် ထပ်တိုးတယ်လို့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောကြောင်း နိုင်ငံပိုင် Bangladesh Sangbad Sangstha သတင်းဌာနက ဖော်ပြပါတယ်။

နိုင်ငံတွင်းမှာ COVID-19 ဖြစ်ပွားသူ အင်္ဂါနေ့မှာ နောက်ထပ်နှစ်ဦး ထပ်တွေ့ပြီး စုစုပေါင်း ၅၁ ဦးအထိ ကူးစက်ဖြစ်ပွားလာတဲ့နောက်မှာ အခုလို ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။ လူဦးရေ ၁၆၅  သန်းနီးပါးရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးဦး ရှိသွားပြီဖြစ်ပါတယ်။

အစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown ချတာကို ပုံမှန်ရုံးပိတ်ရက် အားလပ်ရက်အဖြစ်ပဲ ပြောဆိုသုံးနှုန်းနေတာ ဖြစ်ပါတယ်။

“ကျွန်မတို့ အစောပို်ငးက ကြေညာထားတဲ့ မတ် ၂၆ ရက်ကစပြီး ဆယ်ရက်တာ အားလပ်ရက်ကို နောက်ထပ် ငါးရက်တိုးလို့ ဧပြီ ၉ ရက်အထိ အားလပ်ရက် ပေးမှာ ဖြစ်ပါတယ်။”လို့ နိုင်ငံတွင်းက ခရိုင် ၆၄ ခရိုင်က အရပ်ဖက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ဗီဒီယိုကွန်ဖရင့်မှာ ရှိတ်ဟာစီနာက ပြောခဲ့ပါတယ်။

နိုင်ငံရဲ့ မရှိမဖြစ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အပြည့်အဝ lockdown ချတာကို အကန့်အသတ်နဲ့ ဖြေလျှော့ပေးသွားမယ်လို့လည်း သူက ပြောပါတယ်။

“ရပ်တန့်လို့ရတာ ဘာတစ်ခုမှ မရှိပါဘူး။ မရှိမဖြစ် လိုအပ်တာတွေကိုတော့ ဖြည့်တင်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကိုတော့ ဆက်ပိတ်ထားမှာ ဖြစ်ပါတယ်။”လို့ ဝန်ကြီးချုပ်က ပြောရင်း ခုလို lockdown ရက် ထပ်တိုးတာကို ဧပြီ ၄ ရက်မှာ ပြန်လည်သုံးသပ်သွားမယ်လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။

COVID-19 ကပ်ရောဂါဘေးကြောင့် စီးပွားရေးပြိုလဲပျက်စီးတာတွေ ဖြစ်ရတာကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပေါ်လာမှာကိုလည်း သူက သတိပေးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required