COVID-19 စောင့်ကြည့်စဉ်သေဆုံးသူနာရေး အကျဉ်းချုံးသာပြုလုပ်ခဲ့ရ

ဧပြီ ၁ ရက်၊

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရွှေလောင်းကျေးရွာမှ ရွာသား တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိမရှိ ၁၄ရက် စောင့်ကြည့်စဉ် သေဆုံးသွားရာ ချက်ချင်းမီးသဂြိုလ်ခဲ့ပြီး မိသားစုဝင် နှင့်ဆောင်ရွက်ပေးသူ သုံးဦးဖြင့်သာ အကျဉ်းချုံးလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ပြည်ပနိုင်ငံများနှင့် နယ်စပ်ဒေသများမှ ပြန်ရောက်လာသူများကို ၁၄ရက်စောင့်ကြည့်ရန် ထားရှိစဉ်မှာ အသက် ၄၀အရွယ် အမျိုးသားသည် မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားခြင်းဖြစ်သည်။

ထိုသူသည်စောင့်ကြည့်ကာလတွင်းဖြစ်ပေမယ့် ကျန်းမာရေးကောင်းမွန်နေကာ ရုတ်တရက်သေဆုံးခြင်းဖြစ်သည်။မူလ နှလုံးရောဂါအခံရှိသူဖြစ်ကာ သေဆုံးရခြင်းမှာလည်း နှလုံးကြီးတာကြောင့်ဖြစ်ကြောင်း အုတ်တွင်းမြို့နယ်ဆရာဝန်ကြီးမှ သုံးသပ်ထားသည်ဟုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ပြောသည်။

၎င်းင်းက “အဲဒါကျွန်တော်တို့ ဓာတ်ခွဲခန်းအဖြေစောင့်နေတုန်းပဲရှိသေးတယ်။ တကယ်တမ်းက ဆရာဝန်ကြီးပြောတာက နှလုံးကြီးတာလို့ပြောပါတယ်။ အဲဒီဟာနဲ့ မဆိုင်ဘူး။ မြို့နယ်ဆရာဝန်ကြီးရဲ့သုံးသပ်ချက်ပေါ့။ ဒါပေမယ့် ဓာတ်ခွဲခန်းကိုပို့ ထားတုန်းဗျ။” ဟုဆိုသည်။

အုတ်တွင်းမြို့နယ်တွင် နိုင်ငံရပ်ခြားနှင့် နယ်စပ်ဒေသများမှ ပြန်လာသူများကို ၁၄ရက်စောင့်ကြည့်ရန် အခြေခံပညာမူလတန်းလွန်ကျောင်းများတွင် စီစဉ်ထားပြီး လက်ရှိတွင် ၆၀၀ကျော် နေထိုင်နေကြကြောင်းသိရသည်။

အုတ်တွင်းမြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကော်မတီဖွဲ့ပြီးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဆောင်ရွက်နေကြောင်းဦးဌေးလွင်က ဆိုသည်။

ရွှေလောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကလည်း “လူနာတော့မဟုတ်ဘူး။ စောင့်ကြည့်ထဲကပဲ။ သူကလောက်ကိုင်ကနေပြန်လာတာ၊ ၂၇ရက်နေ့က ကျွန်တော်တို့ quarantine လုပ်ထားတာ။ အဲဒီကနေ့ ၃၁ရက်နေ့ မနက်ပိုင်းမှာ ညက ဘာလက္ခဏာမှ မပြဘဲအကောင်းအတိုင်းကနေ မနက်၃နာရီခွဲမှာသေသွားတာ။” ဟု ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရင်ခုန် သံရှင်ရေးပရဟိတအသင်းတို့ ပူးပေါင်းပြီး ကွယ်လွန်သူ၏ ရုပ်အလောင်းကို မီးသဂြိုလ်ခြင်း၊ စာသင်ကျောင်းများကို ပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်ထားကြောင်း ၎င်းကဆိုသည်။

သေဆုံးသွားသူသည် လောက်ကိုင်တွင်အလုပ်လုပ်ကိုင်ပြီး ပြန်လာသူဖြစ်သည်။

ကွယ်လွန်ပြီးနာက်ပိုင်းတွင် အုတ်တွင်းဆေးရုံသို့ ပို့ဆောင်ကာဆေးရုံရှိ မီးသဂြိုလ်စက်တွင်မီးသဂြိုလ်ခဲ့သည်။

ရင်ခုန် သံရှင်ရေးပရဟိတအသင်းမှ နာရေးဆောင်ရွက်ပေးသူနှစ်ဦးနှင့်ယောက်ခမ တော်စပ်သူအပါအဝင်စုစုပေါင်း သုံးဦးသာ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 သေဆုံးချိန် တွင် မိခင်ဖြစ်သူက ဖက်တွယ်ငိုခြင်းကြောင့် မိခင်ဖြစ်သူကိုလည်း လက်ရှိတွင် စောင့်ကြည့်အဖြစ် ထားရှိထားကြောင်းသိရသည်။

Photo Credit - Oktwin Gad FB page

သေဆုံးသူအမျိုးသားတွင် လိပ်ခေါင်းရောဂါနှင့် နှလုံးကြီးရောဂါ၊ အဆုတ်ရောဂါများရှိခြင်းကြောင့် အုတ်တွင်းတိုက်နယ်ဆေးရုံမှ ဆရာဝန်ကြီးသည် တောင်ငူပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးမည့် စာရေးထိုးပေးပြီးဖြစ်ကြောင်း ဦးကျော်လွင်ကပြောသည်။

ရွှေလောင်းကျေးရွာအုပ်စုတွင် ကျေးရွာနှင့်ကျေးရွာခွဲ စုစုပေါင်း၁၃ခုရှိသည်။ ရွှေလောင်းကျေးရွာအုပ်စု တွင် ပြည်ပမှပြန်လာသူများကို ၁၄ရက်စောင့်ကြည့်ရန် ဘိုကုန်း အခြေခံပညာအထက်ကျောင်းနှင့်ရွှေလောင်း အခြေခံပညာအလယ်တန်းကျောင်းနှစ်ကျောင်းကို စီစဉ်ထားသည်။

လက်ရှိတွင် ဘိုကုန်းအခြေခံပညာအထက်တန်းကျောင်းတွင် ကွာရမ်တိုင်းလုပ်ထားသူ  ၂၄ဦး ကျန်ရှိသည်။

 ရွှေလောင်းကျေးရွာအုပ်စုမှ စောင့်ကြည့်ကာလ ၁၄ ရက်နေထိုင်သူများသည် ထိုင်းနိုင်ငံ၊တရုတ်နိုင်ငံ နှင့် နယ်စပ်ဒေသများမှ ပြန်လာသော ဒေသခံများဖြစ်သည်။

နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်သူများကို ၁၄ရက်စောင့်ကြည့်စဉ် ကာလတွင် ဆေးဝါးပစ္စည်းများမလုံလောက်ခြင်း နှင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးသာရှိခြင်းကြောင့် ဆရာဝန်လိုအပ်နေကြောင်း သူကပြောသည်။

ကျေးရွာသူကျေးရွာသားများသည်လည်း ပူးပေါင်းပါဝင်ပြီး အလှည့်ကျ စောင့်ကြည့်ပေးမှုများရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၃၁ရက်က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ၁၅ဦးရှိပြီး တစ်ဦးကွယ်လွန်သွားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required