အမေရိကန်တွင် COVID-19 ကြောင့် လူ ၁၀၀ ၀၀၀ မှ ၂၄၀ ၀၀၀ အထိ သေဆုံးနိုင်ကြောင်း အိမ်ဖြူတော်ခန့်မှန်း

အမေရိကန်တွင် COVID-19 ကြောင့် လူ ၁၀၀ ၀၀၀ မှ ၂၄၀ ၀၀၀ အထိ သေဆုံးနိုင်ကြောင်း အိမ်ဖြူတော်ခန့်မှန်း

ဧပြီ ၁

အမေရိကန်ပြည်ထောင်စု၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမြင့်တက်လျက်ရှိရာ အလွန်ဆိုးရွားသည့် ရက်သတ္တပတ် နှစ်ပတ်ကို ရင်ဆိုင်နေရကြောင်းနှင့် COVID-19 သည် ကပ်ဆိုးတစ်ခုဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုလိုက်သည်။

“ဒီ သီတင်းနှစ်ပတ်က ငရဲတစ်ခုလိုပါပဲ၊ အလွန်ဆိုးရွားပါတယ်၊ သုံးပတ်ထိတောင်ဖြစ်သွားနိုင်ပါတယ်”  ဟု ထရမ့်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ မတ်လ ၃၁ ရက်က ပြောခဲ့သည်။

လာမည့်သီတင်းပတ်နှစ်ပတ်အတွင်းတွင် အမေရိကန်၌ COVID-19 ကြောင့် လူ ၁၀၀ ၀၀၀ မှ ၂၄၀ ၀၀၀ အထိ သေဆုံးနိုင်ကြောင်း အိမ်ဖြူတော်အရာရှိများက ခန့်မှန်းပြောဆိုနေကြသည်။

အမေရိကန်သည် တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၁၈၄ ၀၀၀ ကျော် ကူးစက်ခံထားရကြောင်း Johns Hopkins တက္ကသိုလ်၏ အချက်အလက်များအရသိရသည်။

နယူးယောက်သည် ကိုရိုနာကူးစက်ပြန့်ပွားမှုဗဟိုချက်အသစ်ဖြစ်လာခဲ့ပြီး အင်္ဂါနေ့မနက်ပိုင်းအထိ  ၇၅ ၇၉၅ ဦး ကူးစက်ခံထားရသည်။

နယူးယောက်အုပ်ချပ်ရေးမှူး Andrew Cuomo က “ ဒီဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့ အရမ်းကို ပင်ပန်းနေပါပြီ၊ ရောဂါစဖြစ်ပွားတဲ့နေ့ကတည်းကပါပဲ၊ ကျွန်တော်တို့ ဒီဗိုင်းရပ်စ်ကို လျှော့တွက်ခဲ့မိတယ်၊ သူက ထင်ထားတာ ထက်ကို အန္တရာယ်များပြီးတော့ စွမ်းအားထက်ပါတယ်” ဟု ပြောခဲ့သည်။

နယူးယောက်တစ်မြို့တည်းတွင် ကိုရိုနာကြောင့် သေဆုံးသူ ၁ ၀၀၀ ကျော်ရှိခဲ့ကြောင်း NYC Health Department အရ သိရသည်။

သေဆုံးသူများထဲတွင် လူငယ်များနည်းပါးပြီး နာတာရှည်ရောဂါအခံရှိသူ သက်ကြီးရွယ်အိုများ သေဆုံးမှုများကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။

ဆီးချိုသွေးချိုရှိသူများ၊ နာတာရှည်အဆုတ်ရောဂါရှိသူ၊ နှလုံးရောဂါနှင့် ဆေးလိပ်သောက်တတ်သူများ သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါက အခြေအနေဆိုးရွားပြီး အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ကြောင်း ရောဂါထိန်း ချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required