ပြည်ထဲရေးက သတင်းဌာနအကြီးအကဲ အချို့ကို ရှာဖွေမှုများ ဆက်တိုက်လုပ်နေ

ပြည်ထဲရေးက သတင်းဌာနအကြီးအကဲ အချို့ကို ရှာဖွေမှုများ ဆက်တိုက်လုပ်နေ
ပုံစာ - သြဂုတ် ၂၈၊ ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများကို မိန့်ခွန်းပြောကြားခိုက် " ဂျာနယ်လစ်ဇင်သည် ရာဇဝတ်မှု မဟုတ်ပါ" ဆိုသော ကြွေးကျော်သံပါ တီရှပ်တထည်ဝတ်ဆင်ထားသော သတင်းသမားတစ်ယောက်ကို တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ရန်ကုန်၊ ဧပြီ ၁

AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြည်ထဲရေးက ကြေညာခဲ့ပြီးသည့်နောက် ၎င်းအဖွဲ့ကိုဆက်သွယ်သတင်းမေးသော Voice of Myanmar သတင်းဌာန အယ်ဒီတာချုပ်ကို ဖမ်းဆီးပြီးနောက် ဆက်တိုက်ဆိုသလိုပင် အခြားသော သတင်းဌာနနှစ်ခုမှ တာဝန်ရှိသူများကို အာဏာပိုင်များက လိုက်လံရှာဖွေမှုပြုခဲ့ကြသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နှင့် ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက် (ခေါ်) ဦးလှိုင်းသစ်ဇင်ဝေတို့ကို မတ်လ ၃၁ ရက်နေ့က ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းမှုများပြုခဲ့ကြသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ သူတို့နှစ်ဦးလုံးမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များလည်း ဖြစ်ကြသည်။

မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာနက ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ ပြောရေးဆိုခွင့်ရှိသူကို သီးသန့်အင်တာဗျူးထဲ့သွင်းဖော်ပြခြင်းကြောင့်  အယ်ဒီတာချုပ်ကို မန္တလေးတိုင်းဒေသကြီး သတင်းတပ်ဖွဲ့ ဒုရဲမှူးကြီး ခင်မောင် ဝင်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊ ၅၂(က) တို့ဖြင့်  မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) ရဲစခန်းတွင် အမှုဖွင့်ထားသည်။

 မတ်လ ၃၁ ရက်နေ့  ညနေ ၅ နာရီခန့်တွင် အရပ်ဝတ်ဖြင့် CID, SB ရပ်ကွက်အုပ်ချုပ်ရေးတို့ပါဝင်သော ၁၀ ဦးပါအဖွဲ့သည် စစ်တွေမြို့ ရွှေသာလမ်းရှိ နိရဉ္စရာရုံးအား မိနစ် ၃၀ ခန့် ဝင်ရောက်ရှာဖွေခဲ့သည်။

ထို့အပြင် ရခိုင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ဝေသော သတင်းဌာန၏ အကြီးတန်းသတင်းထောက် ကိုသိန်းဇော် (ခ) သန့်မြတ်ခိုင်၊ ကိုအောင်လင်းထွန်းနှင့် ကိုထွန်းနိုင်တို့ကိုလည်း ရဲစခန်းသို့ နာရီအနည်းငယ်ကြာ ခေါ်ဆောင် စစ်ဆေးခဲ့သည်။

နိရဉ္စရာသတင်းဌာနကို တရားစွဲဆိုထားကြောင်း သတင်းဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုလိုက်ပြီး " တရားစွဲရသည့် အကြောင်းရင်းမှာ နိရဉ္စရာ၏ သတင်းတစ်ပုဒ်တွင် အေအေ ပြောခွင့်ရသူ ခိုင်သုခနှင့် မေးမြန်း ထားသည်ကို ထုတ်လွှင့်ခြင်းကြောင့် တရားစွဲဆိုသည်ဟု သိရပါသည်။" ဟု ဆိုသည်။

" ကျွန်တော်တို့ သတင်းဌာနအေ န ဖြင့် သတင်းများကို ထုတ်လွှင့်ရာတွင် သမာသမတ်ကျစွာ၊ ဘက်လိုက်မှုကင်းကင်းဖြင့် နေ့စဉ် ထုတ်လွှင့်နေခြင်းသာဖြစ်ပြီး အေအေအဖွဲ့နှင့် သတင်းကိစ္စမေးမြန်းသည်မှလွဲပြီး တစ်စုံတစ်ရာ ဆက်နွယ်ပတ်သက်မှု လုံး၀ (လုံးဝ) မရှိပါ။" ဟု နိရဉ္စာ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ခေတ်သစ်မီဒီယာ၏ အရေးပေါ်ထုတ်ပြန်ချက်တွင် မတ်လ ၃၁ ရက်နေ့ ညပိုင်းနှင့် သန်းခေါင်ယံအချိန်တွင် ခေတ်သစ်အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက် မိသားစုတည်ရှိရာ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ် ဆေးပြီး ကိုယ်ရေးအချက်အလက်များစစ်ဆေးခြင်း၊ ပိုင်ဆိုင်မှု စာရင်းကောက်ခံခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ခေတ်သစ် အယ်ဒီတာဟောင်းများ၏ နေအိမ်များကိုလည်း ညအချိန်မတော်ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ပါရှိသည်။
ရှာဖွေမှုမှာ အေအေ နှင့် ပတ်သက်သော သတင်းများ၊ ခိုင်သုခ အင်တာဗျူးနှင့် ပတ်သက်သည်ဟု ဆိုသည်။

" ရန်ကုန်ခေတ်သစ် သတင်းဌာနသည် ကျင့်ဝတ်နှင့်အညီသာ သတင်းများ ဖော်ပြခြင်းဖြစ်ပြီး မည်သည့် အကြမ်းဖက်မှု ဥပဒေကိုမှ ကျူးလွန်ခြင်း လုံး၀ (လုံးဝ) မရှိပါ။" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးသာလွန်ဇောင်းထက်မှာ သတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူး ၂ လည်း ဖြစ်သည်။

စစ်ဆေးမေးမြန်းမှုအားလုံးတွင် သက်ဆိုင်ရာသတင်းဌာန အယ်ဒီတာချုပ်များကို ဦးတည်လျက်ရှိသည်ကို စုံစမ်းသိရှိရသည်။

ပြည်သူတွေအတွက် အန္တရာယ်ရှိခြင်း၊ တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေခြင်းနှင့် နိုင်ငံ တည်ငြိမ်အေးချမ်းမှုကို ယိုယွင်းစေခြင်းကြောင့်ဟု ဆိုကာ အေအေကို  အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းအဖြစ် အစိုးရက မတ်လ ၂၃ ရက်နေ့က ကြေညာခဲ့သည်။

သတင်းသမားများကို အခုလို ပြုမူနေခြင်းအပေါ် တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းထောက်များကွန်ရက် (EPRN) မှ ကန့်ကွက်ကြောင်း ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

သတင်းရေးသားဖော်ပြမှုအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ စသည့်ဥပဒေများဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းသည်သတင်းလွတ်လပ်ခွင့်၊ ပြည်သူလူထု၏ သိပိုင်ခွင့်နှင့် ဒီမိုကရေစီစံနှုန်းများအရလည်း ကိုက်ညီမှုမရှိဟု EPRN ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
 
 " အမှုဖွင့် တရားစွဲဆိုထားခြင်းအား ပြန်လည်သုံးသပ်ပေးပါရန်၊ သတင်းရေးသားဖော်ပြမှုကို ကန့်ကွက်လိုပါက သတင်းမီဒီယာဥပဒေအရ ဦးစွာ ညှိနှိုင်းဆောင်ရွက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အလေးအနက် တောင်း ဆိုကြောင်း" ဟုလည်း ရးသားထားသည်။

စစ်ဘက်အရာရှိဟောင်းနှင့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သတင်းမီဒီယာသမားများနှင့် အကြမ်းဖက်အဖွဲ့ အစည်းများအတွက် ဝက်ဘ်ဆိုက် တည်ထောင်သတင်းဖြန့်ချိသူကို ခွဲခြားမြင်ရန်လိုသည်ဟုဆိုသည်။

“ တချို့ဌာနတွေကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကြံပေးချက်ကို လက်မခံဘဲ တစ်ခါတည်းဉပဒေနည်းလမ်းနဲ့ဖြေရှင်းတာ၊ တခြားဉပဒေတွေနဲ့ တရားစွဲတာတွေလည်းရှိခဲ့ပါတယ်” ဟု သူက ပြောသည်။

သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးစိန်ဝင်းက “သတင်းသမားတာဝန်က အမှန်တရားကိုရှာမယ်။ အဲ့လိုရှာတဲ့နေရာမှာ အကြမ်းဖက် အဖွဲ့အစည်းဖြစ်ဖြစ်၊ သမ္မတပဲဖြစ်ဖြစ် သူတောင်းစားပဲဖြစ်ဖြစ် ဆက်သွယ်ပြီးသတင်းလုပ်ကြရတာပဲ” ဟု ပြောသည်။

သတင်းရေးသားဖော်ပြမှုအပေါ် ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီသို့ ဦးစွာ တိုင်ကြားရန် တိုက်တွန်းထားသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက လက်ခံကျင့်သုံးမှု အားနည်းနေဆဲ ဖြစ်သည်ဟုလည်းဆိုသည်။

အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်မိပါက မည်သူမဆို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း  ချမှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားသလို ပုဒ်မ ပုဒ်မ ၅၂(က)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်မိပါက မည်သူမဆို အနည်းဆုံး ထောင်ဒဏ် သုံး နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly