သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက် ၁၀ရက်အတွင်း ရွှေတိဂုံစေတီတော် ဘုရားဖူးပိတ်မည်

သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက် ၁၀ရက်အတွင်း ရွှေတိဂုံစေတီတော် ဘုရားဖူးပိတ်မည်

ရန်ကုန် ၊ ဧပြီ ၁

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှုကို လျော့ချရန်အတွက် လူစုလူဝေးနှင့်ပွဲလမ်းသဘင်များ မဖြစ်ပေါ်စေရေးအတွက် ယခုနှစ် (၂၀၂၀ခုနှစ်)အတွင်းကျရောက်မည့် သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်များတွင် ရွှေတိဂုံ စေတီတော်သို့ လာရောက်ဖူးမျှော်ခွင့် ပိတ်ပင်သွားမည်ဟု သိရသည်။

သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်အတိုင်း ဧပြီလ ၁၀ရက်မှ ၁၉ရက်နေ့အထိ ၁၀ရက်တိတိ ဘုရားဖူးပိတ်မည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်တွင် ယခင်ကျင်းပနေကြ ပွဲလမ်းသဘင်များကိုလည်း ကျင်းပရန် အစီအစဉ်မရှိကြောင်း ရွေတိဂုံစေတီတော် ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်က ပြောသည်။

“အခုနှစ်က မဏ္ဍပ်တွေ ဘာတွေလည်းမရှိတော့ ဘုရားမှာပဲ လာပြီးစုကြမှာဆိုတော့ လူစုလူဝေးရှောင်တဲ့သဘောပါပဲ”ဟု ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်က ဆိုသည်။

ပုံမှန်ရက်များတွင်လည်း ရွှေတိဂုံဘုရားတွင် ဘုရားဖူးချိန်ကို ယခင်အချိန်တိုင်းမဟုတ်ဘဲ မနက် ၁၀နာရီမှ ညနေ ၃နာရီအတွင်းသာ လာရောက်ဖူးမျှော်ရန် ကန့်သတ်ထားခဲ့ပြီး ဘုရားဖူးလာရောက်မှုကိုမူ အပြီးပိတ်ရန်မ ရှိသေးကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့လယ်ခေါင်ရှိ နာမည်ကြီး၊ လူစည်ကားသော ဘုရားများဖြစ်သည့် ဗိုလ်တထောင်စေတီတော်နှင့် ဆူးလေစေတီတော်တို့မှာ မတ်လ ၂၈ရက်နေ့က စတင်ပြီး ဘုရားဖူးအပြီးပိတ်ခဲ့သည်။

ရွှေတိဂုံစေတီတော်သို့ ယခုရက်ပိုင်းအတွင်း ဘုရားဖူးလာရောက်သူဦးရေမှာ သိသိသာသာလျော့နည်းသွားပြီး ယခင်က တစ်ရက်ကို ဘုရားဖူးသူဦးရေ သုံးသောင်းကျော်ရှိသည့်အနက်မှ ယခုရက်များတွင်မူ အဆိုပါဦးရေ၏ ၅ရာခိုင်နှုန်းခန့်သာ လာရောက်ကြကြောင်း ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှ သိရသည်။

သင်္ကြန်၊ သီတင်းကျွတ်ကဲ့သို့သော အခါကြီး၊ ရက်ကြီးများတွင် လာရောက်သည့် လူဦးရေကို ကွန်ပျူတာနည်းပညာဖြင့် ရေတွက်ထားကြည့်ရာတွင် တစ်ရက်လျှင် လေးသိန်းခန့် လာရောက်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required