အမေရိကန်လေယာဉ်တင်စစ်သင်္ဘောပေါ်မှာ COVID-19 ကူးစက်ခံရသူဦးရေ တိုးလာ

အမေရိကန်လေယာဉ်တင်စစ်သင်္ဘောပေါ်မှာ COVID-19 ကူးစက်ခံရသူဦးရေ တိုးလာ

ဝါရှင်တန်၊ ဧပြီ ၁

အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘော USS Theodore Roosevelt ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်က အရှိန်မထိန်းနိုင်လောက်အောင် ကူးစက်ပြန့်ပွားနေတာကြောင့် အမှုထမ်းတွေကို သီးသန့်ခွဲခြားစောင့်ကြည့်ဖို့ အရေးတကြီး အကူအညီ လိုအပ်နေတယ်လို့ ကပ္ပတိန်  ဘရတ်ခရော့ဇီယာက ပင်တဂွန်စစ်ဌာချုပ်ကို အကူအညီတောင်းလိုက်ပါတယ်။

 COVID-19 ကူးစက်ခံထားရတဲ့ တခြားအရပ်သားသုံး အပျော်စီးသင်္ဘောတွေနဲ့အလားတူ ဒုက္ခရောက်နေတဲ့ အမေရိကန်လေယာဉ်တင်စစ်သင်္ဘောကို ကယ်တင်ဖို့   ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါက  အင်္ဂါနေ့က ငြင်းဆန်လိုက်ပါတယ်။

 ကပ္ပတိန် ခရော့ဇီယာက အမှုထမ်း ၄၀၀၀ အကြားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရပ်တန့်အောင် မလုပ်ဆောင်နိုင်ကြောင်း ၊ အခု သင်္ဘောဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဂူအမ်အနီးမှာ ဆိုက်ကပ်ထားရကြောင်း  ဗိုင်းရပ်စ်ပျံ့နှံ့မှု ဆက်ဖြစ်နေပြီး အရှိန်ရနေပြီ လို့  ပင်တဂွန်ဆီ စာရေးသားကာ အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။

အမှုထမ်းတွေအကုန်လုံးနီးပါးကို ဂူအမ်ကမ်းခြေမှာ သီးသန့်ထားစောင့်ကြည့်ဖို့ ခရော့ဇီယာက တောင်းဆိုထားပြီး သင်္ဘောပေါ်မှာထားတာဟာ မလိုအပ်တဲ့စွန့်စားမှုဖြစ်တယ်လို့ ဆိုပါတယ်။

သင်္ဘောပေါ်မှာ လျှောက်လမ်းကလည်း ကျဉ်းမြောင်းပြီး နီးနီးကပ်ကပ် အိပ်ကြရတဲ့အတွက် အစိုးရကသတ်မှတ်ထားသလို ခပ်ခွာခွာနေဖို့ လည်း အခွင့်အရေး နည်းပါးပါတယ်။

အမေရိကန် နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်စစ်သင်္ဘောပေါ်ကနေ လူအများစုကို ကယ်ထုတ်ပြီး နှစ်ပတ်လောက် သီးခြားထားမယ်ဆိုတာ လွန်ကဲတဲ့လုပ်ဆောင်ချက် ဖြစ်ကောင်းဖြစ်ပေမယ့် ဒါဟာ လိုအပ်တဲ့ စွန့်စားမှုပါ လို့ ကပ္ပတိန် ခရော့ဇီယာ ကပြောပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး CBS သတင်းဌာနက မေးမြန်းချက်အပေါ် အက်စ်ပါက အမှုထမ်းတွေကို ကယ်ထုတ်မယ့်အဆင့်ထိမရောက်သေးကြောင်းနဲ့ ဆေးဘက်ဆိုင်ရာအကူအညီနဲ့ လိုအပ်တာတွေကို သင်္ဘောဆီပို့ပေးနေပြီး လိုအပ်သလိုထောက်ပံ့ပေးသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

အခုအခါ အဆိုပါလေယာဉ်တင်စစ်သင်္ဘောပေါ်မှာ ကိုရိုနာကူးစက်ခံထားရသူ ၁၀၀ ထက်မနည်းရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ကထုတ်ပြန်ခဲ့တဲ့ အရေအတွက်ထက် လေးဆခန့် မြင့်တက်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly