ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားထားသော်လည်း တရုတ်တွင် သားငါးစျေးများကို ဖွင့်လှစ် ရောင်းချနေဆဲဟု ဆို

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားထားသော်လည်း တရုတ်တွင် သားငါးစျေးများကို ဖွင့်လှစ် ရောင်းချနေဆဲဟု ဆို

ဧပြီ ၁

တရုတ်နိုင်ငံရှိ ဒေါင်ဂွမ်နှင့် ဂွီလင် မြို့ကဲ့သို့သော နေရာများရှိ သားငါးစျေးများ (wet markets) များသို့ စျေးဝယ်သူ ထောင်ပေါင်းများစွာတို့ ပြန်လည်လာရောက် ဝယ်ယူမှုများ ရှိနေကြောင်း သြစတြေးလျ အခြေစိုက် သတင်း ဌာနတစ်ခုဖြစ်သည့် news.com.au က ဖော်ပြသည်။

အဆိုပါ စျေးများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု၏ အစပြုရာ နေရာများအဖြစ် ရှုမြင်ခံခဲ့ရသော်ငြား ယခုအခါ ယင်းစျေးများကို ဖွင့်လှစ်ရောင်းချမှုများကို မြင်တွေ့နေရပြန်ပြီဖြစ်ကြောင်း အဆိုပါ news.com.au က ဖော်ပြ သည်။

နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်သစ်များ ကျဆင်းသွားပြီဟု သဘောထားပြီး တရုတ်အာဏာပိုင်များသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးကို ကုစားရန် ကြိုးပမ်းမှုအဖြစ် စီးပွားရေးလုပ်ငန်းများကို ပြန်လည် စတင်ဖွင့်လှစ်လာခဲ့ခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု၏ ဗဟိုချက်ဖြစ်သော ဝူဟန်မြို့တွင်လည်း ခြောက်ရက်မြောက်နေ့အဖြစ် ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်သစ် တွေ့ရှိခဲ့ခြင်း မရှိဘဲ နှစ်လနီးပါးကြာ ပိတ်ဆို့ကန့်သတ်မှု (lockdown) ချမှတ်ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ခဲ့ကာ ဒေသခံများသည်လည်း ပုံမှန်လူနေမှုဘဝအတိုင်း ပြန်လည်နေထိုင်သွားရန် ရှိနေသည်။

“ ဒီ စျေးတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်ခင်တုန်းကလိုမျိုး အတိအကျဘဲ ခု ပြန်ဖွင့်ရောင်းချနေပါပြီ” ဟု အဆိုပါ စျေးတစ်ခုသို့ သွားရောက်ခဲ့သည့် Daily Mail သတင်းထောက်တစ်ဦးက ပြောသည်။ “ မတူတာ တစ်ခုကတော့ လုံခြုံရေးအစောင့်တွေက ဓာတ်ပုံရိုက်ဖို့ လုပ်တဲ့သူတိုင်းကို တားဖို့ လုပ်တာပါပဲ၊ ဒါမျိုး အရင်က မဖြစ်ခဲ့ဖူးပါဘူး” ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုသည် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ပင်လယ်စာရောင်းချသော စျေးတစ်စျေးနှင့် ပတ်သက်ဆက်နွယ်နေခဲ့ပြီးနောက်ပိုင်း လအနည်းငယ်အကြာတွင် အဆိုပါ စျေးများသည်လည်း အနီးကပ် စုံစမ်းစစ်ဆေးခြင်းကို ခံခဲ့ရသည်။

အဆိုပါ ဝူဟန်မြို့က ပင်လယ်စာရောင်းချသော စျေးကို ပိတ်ခဲ့ပြီး အာဏာပိုင်များကလည်း ၎င်းတို့အနေဖြင့် တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို တားမြစ်သွားမည်ဖြစ်ပြီး သားငါးစျေးများကို ပိုမို တင်းကျပ်စွာ ကြီးကြပ်သွားမည်ဟု ပြောခဲ့သည်။

အဆိုပါ သားငါးစျေးအားလုံးကို ပိတ်သင့်သလား ဆိုသည်နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာပေါ်တွင် ငြင်းခုံဆွေးနွေးမှုများလည်း ရှိခဲ့သည်။

တောရိုင်းတိရစ္ဆာန်များနှင့် တစ်ခါတစ်ရံ ခိုးယူဖမ်းဆီးခြင်းခံရသည့် တိရစ္ဆာန်များကို ရောင်းချတတ်သည့် တရုတ်စျေးများသည် ရောဂါ ပေါက်ဖွားရာ နေရာတစ်ခု နှင့် ဗိုင်းရပ်စ် အမြောက်အမြား မွေးဖွားရာနေရာအဖြစ် ညွန်းဆိုခံထားရသည်။

Wet Markets စျေးများသည် လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများအပြင် ငါး၊ ကြက် အရှင်များနှင့် အခြား အသားများကို ရောင်းချသော စျေးများဖြစ်သည်။ ထိုစျေးများတွင် ရောင်းကုန်များကို တာရှည်ခံ စေရန် ရေခဲရိုက်ခြင်း၊ စျေးကြမ်းပြင်များရှိ တိရစ္ဆာန် သွေးများနှင့် ကလီစာများကို ဆေးကြောသန့်ရှင်းရခြင်းတို့ကြောင့် wet market စျေးဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ဇီဝမျိုးကွဲများအပေါ် ထိခိုက်နိုင်မှု၊ စျေးများအတွင်း ရောဂါ ပျံ့နိုင်သည့် အလားအလာရှိမှုတို့ကြောင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ေရှာက်သူများနှင့် ကျန်းမာရေးဆိုင်ရာ ပညာရှင်များက  ကာလကြာကတည်းက ဝေဖန်ပြစ်တင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required