ကင်ညာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ညမထွက်ရ အမိန့်ကာလအတွင်း ဆယ်ကျော်သက်တစ်ဦးကို ရဲ ပစ်သတ်မှု စုံစမ်းစစ်ဆေးနေ

ကင်ညာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ညမထွက်ရ အမိန့်ကာလအတွင်း ဆယ်ကျော်သက်တစ်ဦးကို ရဲ ပစ်သတ်မှု စုံစမ်းစစ်ဆေးနေ

ဧပြီ ၁

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ ညမထွက်ရ ကာဖျူးမိန့်ကာလအတွင်း အသက် ၁၃ နှစ်အရွယ် ယောက်ကျားလေးတစ်ဦးကို ၎င်းနေအိမ်က ဝရန်တာမှာ ရဲတာဝန်ရှိသူတွေက ပစ်သတ်လိုက်တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အင်္ဂါနေ့မှာ ရဲဌာနက အမိန့်ထုတ်လိုက်ပါတယ်။

ပစ်ခတ်မှုဖြစ်ရာ ဆင်းရဲသားရပ်ကွက်က ရပ်ကွက်သူရပ်ကွက်သားတွေက ပြောကြရာမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ရဲတွေဟာ ကာဖျူးမိန့်စတင်ချိန်မှာ ၎င်းတို့ကို နေအိမ်တွေထဲ အတင်းအကျပ် သွင်းကြရာကနေ ည ခုနစ်နာရီ မထိုးခင်မှာ ထိပ်တိုက်တွေ့မှု ဖြစ်ပွားတာလို့ ပြောကြပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှု ရပ်တန့်ရေးအတွက် ကင်ညာနိုင်ငံမှာ ညမထွက်ရ ကာဖျူးမိန့်ကို စတင်ပြဋ္ဌာန်းလာတာ ဖြစ်ပါတယ်။

သေဆုံးသူရဲ့ ဖခင်ဖြစ်သူ ဟူစိန်မိုယိုက သူ့ဇနီးနဲ့ ကလေးတွေဟာ ထိပ်တိုက်တွေ့တဲ့ အဓိကရုဏ်းကို ဝရန်တာကနေ ကြည့်နေကြတာဖြစ်ပြီး သူ့သား ယာဆင်ကို ကျည်ဆန်လာရောက်ထိမှန်တာဖြစ်တယ်လို့ အေအက်ဖ်ပီသ တင်းဌာနကို ပြောပါတယ်။ ကျည်ဆန်ဟာ သူ့သားရဲ့ ဗိုက်ကို ပေါက်ထွက်သွားခဲ့တယ်လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

“ဒီလုပ်ဆောင်ချက်ဟာ လမ်းကြောင်းမှားနေတယ်။ ရဲတွေဟာ အော်ဟစ်ကြွေးကြော်ကြပြီး ရောက်လာတာ ဖြစ်တယ်။ ဒါကို လူတွေက မြင်တော့ ကြောက်လန့်တကြား ထွက်ပြေးကြတယ်။ ရဲတွေဟာ လူတွေကို ရိုက်တယ်၊ လုယက်ကြတယ်။ ကျွန်တော်တို့ အိမ်တွေထဲကိုလည်း မျက်ရည်ယို ဓာတ်ငွေ့တွေ ပစ်သွင်းကြတယ်။”လို့ လူရာပေါင်းများစွာ တက်ရောက်တဲ့ သားဖြစ်သူ ယာဆင်ရဲ့ အသုဘချရာမှာ ဟူစိန်မိုယိုက ပြောပါတယ်။

အခုလို ကျည်ဆန်လမ်းချော်ပြီး ထိမှန်သေဆုံးတဲ့ ယာဆင်ရဲ့ အမှုကို စုံစမ်းစစ်ဆေးဖို့ ရဲထောက်လှမ်းရေးချုပ် ဟီလာရီမတ်ယမ်ဘိုင်က အမိန့်ထုတ်ထားကြောင်း ရဲဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယာဆင် သေဆုံးတဲ့ ဖြစ်ရပ်ကို လွတ်လပ်သော ရဲလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့က ရှုတ်ချကြောင်း ထုတ်ပြန်ပြီး စုံစမ်းစစ်ဆေးမှု ဆောင်ရွက်လျက် ရှိပါတယ်။

ကင်ညာရဲတပ်ဖွဲ့ဝင်တွေဟာ အင်အားအလွန်အကျွံသုံးတာ၊ ဥပဒေမဲ့ သတ်ဖြတ်တာတွေကို အထူးသဖြင့် ဆင်းရဲသားရပ်ကွက်တွေမှာ မကြာခဏ ကျုးလွန်လေ့ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required