ကမ္ဘာ့နိုင်ငံအချို့တွင် ဧပရယ်လ်ဖူးလ်နေ့၌ COVID-19 နှင့်ပတ်သက်၍ နောက်ပြောင်ကျီစယ်သူများကို ထောင်ချမည်ဟု ခြိမ်းခြောက်

ကမ္ဘာ့နိုင်ငံအချို့တွင် ဧပရယ်လ်ဖူးလ်နေ့၌ COVID-19 နှင့်ပတ်သက်၍ နောက်ပြောင်ကျီစယ်သူများကို ထောင်ချမည်ဟု ခြိမ်းခြောက်

ဧပြီ ၁

ထိုင်းနှင့် အိန္ဒိယတို့အပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် ယနေ့ကျရောက်သော ဧပရယ်လ်ဖူးလ်နေ့ (April Fools’ Day) ၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့်ပတ်သက်ပြီး ဟာသလုပ် စနောက်ကျီစယ်မှုများ မပြုလုပ်ကြရန် ပြည် သူများကို အာဏာပိုင်များက ညွန်ကြားထားသည်ဟု သိရသည်။

နိုင်ငံအချို့ရှိ အာဏာပိုင်များဆိုလျင် ထိုကဲ့သို့ စနောက်ကျီစယ်သူများကို ထောင်ချမည်ဟုပင် ခြိမ်းခြောက်ထားသည်ဟု သိရပြီး ၎င်းတို့အနေဖြင့် လူ့အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့် မဟုတ်မမှန် ကောလာဟလများ ပျံ့နှံ့မည့်အရေးမှ ကာကွယ်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

နှစ်စဉ် ဧပြီလ ၁ ရက်ရောက်တိုင်း အပြောင်အပြက် ဟာသလုပ်လေ့ရှိသည့် အမေရိကန် နည်းပညာကုမ္ပဏီကြီး Google ဆိုရင်လည်း ယခုနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ယင်း၏ အစဉ်အလာကို ဖျက်သိမ်း ထားခဲ့ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ဧပရယ်လ်ဖူးလ်နေ့ စနောက်ကျီစယ်သူများအနေဖြင့် ထောင်ဒဏ် ငါးနှစ်အထိ ကျခံရနိုင်သည့် ဥပဒေတစ်ခုအောက်တွင် အရေးယူခြင်း ခံရနိုင်ကြောင်း ထိုင်းအစိုးရက မတ်လ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

တချိန်တည်းမှာပင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ဧပရယ်လ်ဖူးလ်နေ့ နောက်ပြောင်မှုများ မလုပ်ကြရန် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကလည်း ဖေ့ဘွတ်ခ်ကနေတဆင့် ပြည်သူများကို ပြောကြားထားသည်။ အကယ်၍ ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ မဟုတ်မမှန် ကောလာဟလဖြန့်သည့် မည်သူမဆို ထောင် သုံးနှစ် သို့မဟုတ် ဒဏ်ကြေး ဒေါ်လာ ၉၉,၂၀၀ ချမှတ်ခံရနိုင်သည်ဟု သူမက ပြောသွားခဲ့သည်။

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာ ပြည်နယ်၏ ဆိုက်ဘာလုံခြုံရေးဌာနကလည်း ဧပရယ်လ်ဖူးလ်နေ့တွင် သတင်းအမှားဖြန့်သူများကို ဥပဒေအရ  အရေးယူမည်ဟု ထုတ်ပြန်ထားခဲ့သည်။

အလားတူ ဂျာမနီ ကျန်းမာရေးဝန်ကြီးဌာနကလည်း “ကိုရိုနာသည် နောက်ပြောင်စရာ ကိစ္စမဟုတ်” ဟု ပြောပြီး ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကောလာဟလ မဖြန့်ရန် ပြည်သူများကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly