COVID-19 ကူးစက်ခံရသည့် ၁၅ ဦးမြောက်လူနာ လုပ်ကိုင်နေသည့် လုပ်ငန်းခွင်နှင့် နေအိမ်ကို Lockdown ချထား

COVID-19 ကူးစက်ခံရသည့် ၁၅ ဦးမြောက်လူနာ လုပ်ကိုင်နေသည့် လုပ်ငန်းခွင်နှင့် နေအိမ်ကို Lockdown ချထား
Photo Credit - ဦးထွန်းမြင့်

ဧပြီ ၁

၁၅ဦးမြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လုပ်ကိုင်နေသည့် ဆေးခန်း၊အင်းယားလိတ်ဟိုတယ်နှင့် နေအိမ်တို့ကို Lockdown ချထားကြောင်း မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောသည်။

“အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ပြီးပြီလို့ သိရပါတယ်။ ကျွန်တော်တို့သိထားတာက မနေ့ညက Lockdown လုပ်ထားတယ်လို့သိရပါတယ်။ လိုအပ်သလို အထက်က ညွှန်ကြားတဲ့အ တိုင်းဟိုတယ်ဝန်းကိုပါ လုပ်ထားတယ်လို့သိရတယ်။”ဟု ဦးရန်ရှင်းက ပြောသည်။

ရောဂါကူးစက်ခံထားရသည့် မြန်မာနိုင်ငံသားအမျိုးသမီးသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားလိတ်ဟိုတယ်ဝန်းအတွင်းရှိ International SOS Clinic တွင် ကျန်းမာရေးဝန်ဆောင်မှုအလုပ်လုပ်ကိုင်နေ သူ ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၃၁ရက် ညပိုင်းက ထုတ်ပြန်သည့်ကြေညာချက်တွင် အသက် ၄၅နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရေကြာင်းထုတ်ပြန်ထားသည်။

“မနေ့ညက ကျွန်တော်တို့က ဗဟန်းက Positive လူနာကြောင့်ပေါ့နော်။ လူနာက International SOS Clinic မှာ အလုပ်လုပ်ကိုင်တာကိုး။ အလုပ်လုပ်ကိုင်တဲ့အတွက် ညတုန်းက ပိတ်လိုက်ပါပြီဗျ။”ဟု မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောသည်။

လက်ရှိတွင် အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်း တည်းခိုညအိပ်သူ ၉၀ဦး၊ ဟိုတယ်ဝန်ထမ်း ၃၃ဦး၊ International SOS Clinic တွင် တာဝန်ထမ်းဆောင်သည့် ဆရာဝန်များမှစ၍ယာဉ်မောင်းအထိ ဝန်ထမ်း ၂၅ဦးတို့ကို ၁၄ရက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းသိရသည်။

“အင်းလျားလိတ်ဟိုတယ်ရယ်၊ International SOS Clinic ရယ်ကတစ်ဆက်တည်းကို တစ်ဆက်တည်းဆိုတော့ ဟိုတယ်ဝန်းတစ်ခုလုံးကို LockDown လုပ်သွားမှာပါ။ ရှေ့ရက်ပိုင်းမှာ quantine ဝင်ထားတာမရှိဘူး။ Case 15 လူနာတွေ့မှပဲ အဲဒါနဲ့ ဆက်စပ်ပြီး Lockdown ချဖြစ်တာပါ။” ဟု ဦးထွန်းချစ်က  မဇ္ဓျိမသို့ ပြောသည်။

၁၅ဦးမြောက်လူနာ (ပြင်ပသူနာပြု) အလုပ်လုပ်ကိုင်သည့် အထူးကုဆေးခန်းသို့ ဆရာစံ(မြောက်)အရှေ့ရပ်ကွက်မှ ရှစ်ဦးမြောက်လူနာဖြစ်သည့် ဧည့်လမ်းညွှန်ဒေါ်အေးအေးသန်း နှင့် ၁၁ယောက်မြောက်၊ ၁၂ယောက်မြောက်၊ ၁၃ယောက်မြောက်လူနာတို့ လာရောက်ဆေးကုသထားပြီး ဆေးထောက်ခံချက်ပါယူထားကြောင်း သိရသည်။

အလားတူပင် ၁၅ဦးမြောက်လူနာသည် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ဆရာစံမြောက်၊ အနောက်ရပ်ကွက်၊ အနောက်ဗဟိုလမ်းတွင် နေထိုင်သူလည်း ဖြစ်ခြင်း ကြောင့် သူ၏ နေအိမ်ကိုလည်း ပိတ်ထားကြောင်း ဗဟန်းမြို့နယ်၊ ပြည်သှု့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။

“အနောက်ဗဟိုလမ်းက တိုက်ခန်းက အခုလူမနေဘူး။ သူတို့တိုက်က အထပ်မြင့်တိုက် ၆ထပ်ရှိတယ်။ အခန်းက ၁၂ ခန်းရှိတယ်။ အဲဒီ အထပ်မြင့်တစ်ခုလုံးကို အပြင်ထွက်ခွင့်ပိတ်ထားတယ်။ လမ်းတွေကိုတော့ အပြင်လူဝင် ထွက်ခွင့်ပိတ်ထားတယ်။ လမ်းထဲနေတဲ့သူတွေကိုတော့ ထွက်ခွင့်ပေးထားတယ်။ အဲဒီရပ်ကွက်က ဆိုင်တွေကို ပါဆယ်ပဲရောင်းခွင့်ပေးထားပါတယ်။” ဟု ဦးထွန်းမြင့်က ပြောသည်။

သူ၏နေအိမ်မှ ကလေးများကို လွန်ခဲ့သည့် နှစ်ရက်က ခင်ပွန်းဖြစ်သူက ပဲခူးတိုင်း၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်သို့ ခေါ်ယူသွားခြင်းကြောင့်၊ ခင်ပွန်းဖြစ်သူအလုပ်လုပ်ကိုင်သည့် ပေါက်ခေါင်းမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးနှင့် ကလေးများကို ခေါ်ယူသွားသည့် နေအိမ်ကိုလည်း ဆက်လက်စောင့်ကြည့်နေကြောင်း ဦးထွန်းမြင့်ကပြောသည်။

ဗဟန်းမြို့နယ်တွင် ရှစ်ဦးမြောက်လူနာတွေ့ရှိထားသည့် ဆရာစံ(မြောက်)အရှေ့ရပ်ကွက်က နေအိမ်ကို Lockdown ချထားကြောင်းသိရသည်။

လက်ရှိတွင် မရမ်းကုန်းမြို့နယ်၌ ပြည်ပမှ ဝင်ရောက်လာသူများကို ၇မိုင်ဟိုတယ်တွင် ၅၈ဦး၊ ဂန္ဓမာဟိုတယ်တွင် ၅၅ဦးထားရှိကာ နေအိမ်များတွင် ၁၀၈ဦး ထားရှိကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ၁၄ရက်စောင့်ကြည့်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required