ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ခံစားခဲ့ရတဲ့ ပီပီရိန်နာရဲ့ အတွေ့အကြုံ

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ခံစားခဲ့ရတဲ့ ပီပီရိန်နာရဲ့ အတွေ့အကြုံ
Photo: EPA

အေစီမီလန်အသင်းကနေ ဗီလာအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဂိုးသမား ပီပီရိန်နာကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ။ သူက အေစီမီလန်ကနေ အငှားရောက်ရှိလာတဲ့ ကစားသမားဖြစ်ပြီး အသက် (၃၇)နှစ် ရှိနေပါပြီ။

သူက အင်္ဂလန်မှာပဲ COVID-19 ကူးစက်မခံရအောင် နေအိမ်မှာ နေထိုင်နေခဲ့တာဖြစ်ပေမယ့် ဗိုင်းရပ်စ်က သူ့ရဲ့အိမ်သား (၈)ယောက်ကို ကျော်ပြီး သူ့ကို ကူးစက်ခဲ့တာပါ။

ရိန်နာရဲ့နေအိမ်မှာ ဇနီးဖြစ်သူ ယိုလန်ဒါအပါအဝင် သားသမီး(၅)ယောက်နဲ့ အခြားဆွေမျိုးတော်စပ်သူ နှစ်ယောက်တို့ နေထိုင်ကြတာပါ။ ဒါပေမယ့် အဲဒီလူတွေကို မကူးစက်ပဲ ဗိုင်းရပ်စ်ပိုးက သူ့တစ်ယောက်တည်းကို ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။

သူက တခြားသူတွေကို ကူးစက်မှာစိုးတဲ့အတွက် နေအိမ်အခန်းထဲမှာပဲ တစ်ယောက်တည်း နေထိုင်ခဲ့ပြီး ပထမဆုံး (၆)ရက်ကနေ (၈)ရက်အတွင်းမှာ အဖျားဝေဒနာကို ခံစားခဲ့ရတာဖြစ်တယ်လို့ ရင်ဖွင့်သွားခဲ့ပါတယ်။

“ကျွန်တော်တို့အိမ်က အကြီးကြီးပဲလေ။ ဒီတော့ တခြားသူတွေကို ကျွန်တော် မကူးစေချင်ဘူး။ ကျွန်တော့်ဆီမှာ ရောဂါလက္ခဏာတွေ ပြလာတဲ့နေ့ကစပြီး ကျွန်တော်တစ်ယောက်တည်းနေဖို့ ကြိုးစားရတော့တာပဲ။ အရင်ဆုံး ကျွန်တော် ဖျားတယ်၊ ချောင်းခြောက်တွေဆိုးတယ်၊ ခေါင်းကိုက်တာကတော့ ပြောမနေနဲ့တော့ဗျာ၊ လုံးဝကို အားကုန်နေတဲ့ခံစားချက်မျိုး ခံစားလာရတာ”လို့ ရိန်နာက သူ့ရဲ့အတွေ့အကြုံကိုရင်ဖွင့်ပါတယ်။

ဗိုင်းရပ်စ်ဒဏ်ကို (၁၈)ရက်လောက် ခံစားပြီးသွားချိန်မှာတော့ ရိန်နာတစ်ယောက် ပြန်လည်သက်သာလာခဲ့ပါပြီ။ ဒါပေမယ့် သူ့အနေနဲ့ အဖျားပြန်ဝင်လာမှာကို စိုးရိမ်နေရဆဲဖြစ်ပေမယ့် ဆရာဝန်တွေကတော့ သူ့ရဲ့အခြေအနေက ကောင်းမွန်လာခဲ့ပြီ ဖြစ်တဲ့အကြောင်း အသိပေးသွားခဲ့ပါပြီ။

“အခက်ခဲဆုံးအချိန်တွေကတော့ အသက်ကို ဝအောင်ရှူလို့ မရနိုင်တာပါပဲ။ တစ်ရက်တုန်းကဆို (၂၅)မိနစ်လောက် အောက်ဆီဂျင်ပြတ်သွားသလို ခံစားရတယ်။ အဲဒါက ကျွန်တော့်ဘဝရဲ့ အဆိုးဆုံးအချိန်တစ်ခုလို့တောင် ပြောရမလားပဲ”လို့ ရိန်နာက ဆိုပါတယ်။

“ကျွန်တော့်ရဲ႔တစ်ခုတည်းသော အကြောက်တရားကတော့ အောက်ဆီဂျင်မရှိတော့ဘူးဆိုရင် ကျွန်တော့်အနေနဲ့ ဘယ်လိုမှ မရှင်နိုင်တော့ဘူးလို့  တွေးနေမိတာပါပဲ”လို့ ရိန်နာက ဗိုင်းရပ်စ်ခံစားခဲ့ရတဲ့ အတွေ့အကြုံကို အခုလိုပဲ ပြန်လည်မျှဝေသွားခဲ့ပါတယ်။

“အခုအချိန်မှာ ဘောလုံးပွဲတွေထက် လူတွေရဲ့ကျန်းမာရေးက ပိုပြီး အရေးကြီးနေခဲ့ပါပြီ။ ဘောလုံးရာသီ ပြီးဆုံးအောင် မကစားနိုင်ဘူးဆိုလည်း ဘာမှ အရေးမကြီးတော့ပါဘူး၊ အကုန်လုံးက ကိုယ့်ရဲ့ကျန်းမာရေးကို ကိုယ်ဂရုစိုက်ကြဖို့ပါပဲ”လို့ ရိန်နာ က Corriere dello Sport နဲ့ အင်တာဗျူးမှာ အခုလို ပြောပြသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required